
ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို -ဖရူဆို ပြည်ထောင်စုလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့ကြား သြဂုတ် ၂ ရက်နေ့စပြီး ဒီနေ့အထိ ၁၇ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ စစ်သား ၇၁ ယောက် သေဆုံးခဲ့တယ်လို့ ဒီးမော့ဆို အမှတ် ၁၁၀၂ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
"ကျနော်တို့က အလောင်းတွေ တွေ့တယ်လေ။ ပစ်ခတ်မှုမှာ အလောင်းတွေ့တာပေါ့နော့၊ ဘာမှတော့ မလုပ်ပါဘူး။ ဝင်လုံးရင်းနဲ့ သူတို့ကျန်ခဲ့တဲ့ လက်နက်ခဲယမ်း၊ ရှိတဲ့ လက်နက်တွေ ယူတာ၊ အဲဒါပဲရှိတယ်ပေါ့နော့"လို့ မြေပြင်ရဲဘော်တယောက်က ပြောပါတယ်။
ငွေတောင်ရွာသစ်နဲ့ ထီးသော်ကူး ကျေးရွာအနီးကို အင်အားတိုး စစ်ကြောင်းထိုးလာတဲ့ တပ်မ ၅၅ လက်အောက်ခံတပ်တွေနဲ့ ကာကွယ်ရေးတပ်တွေကြား သြဂုတ် ၂ ရက်နေ့ ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း တပ်မ ၅၅ လက်အောက်ခံ ခမရ ၁၁၂ က စစ်သား ၄၅ ယောက်သေဆုံးပြီး၊ ခလရ ၃ က တပ်ရင်းမှူး၊ ဒုရင်းမှူး အပါအဝင် စစ်သား ၂၆ ယောက် သေဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
၁၇ ရက်တာ တိုက်ပွဲမှာ သိမ်းဆည်းမိတဲ့ လက်နက်တွေက လက်နက်ငယ် အစုံ ၁၅ လက်၊ လက်နက်ကြီး ၁ လက်၊ လက်နက်ခဲယမ်းအစုံနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အထိနာနေတဲ့ စစ်ကောင်စီတပ်က ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတလျှောက် စစ်ကြောင်းထိုးတာတွေ ပြုလုပ်လာနိုင်ပြီး စစ်ရေးအခြေအနေ တင်းမာနေတာကြောင့် ပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာခြင်းမပြုဖို့နဲ့ စစ်ရေးအသိသတိရှိကြဖို့ တိုက်တွန်းတာတွေလည်း ရှိနေပါတယ်။










