
မက္ကဆီကိုအနောက်မြောက်ပိုင်း ဘာဟား ကယ်လီဖိုးနီးယားကျွန်းဆွယ်ကို ဖျက်အားပြင်း မုန်တိုင်း အဆင့် ၄ ရှိတဲ့ ဟာရီကိန်း ဟီလာရီဟာ သြဂုတ် ၁၈ ရက်က အရှိန်ပြင်းပြင်း ၀င်ရောက်လာခဲ့လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေလည်း ပြင်ဆင်မှုတွေနဲ့ အလုပ်ရှုပ်နေကြောင်း အမေရိကန် အစိုးရအေဂျင်စီတခုက ပြောပါတယ်။
ကယ်လီဖိုးနီးယားအတွက် ပထမဆုံး အပူပိုင်းမုန်တိုင်းစောင့်ကြည့်မှုကို ထုတ်ပြန်လိုက်ပြီး အသက်အန္တရာယ် ရှိပြီး ကပ်ဘေးလို ဆိုးရွားတဲ့ ရေကြီးရေလျှံမှု ဖြစ်နိုင်ကြောင်း သတိပေးထားပါတယ်။
ခရီးသွားမြို့တော် လော့စ်ကာဘော့စ်မှာ ရဲတွေက ဒေသတွင်း ကမ်းခြေတွေဆီ ဝင်ရောက်ခွင့်ကို ပိတ်ထားခဲ့ပါတယ်။
အမျိုးသားဟာရီကိန်းစင်တာ (NHC) ကတော့ အားပြင်းမုန်တိုင်းဟာ သောကြာနေ့ နှောင်းပိုင်းမှာ မက္ကဆီကိုနိုင်ငံရဲ့ နာမည်ကြီး ကာဘိုစန်လူးကပ်စ် အပန်းဖြေစခန်းအနီးကို ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
အခုသီတင်းပတ်ကုန်မှာ အမေရိကန် အနောက်ဖက်ကမ်းရိုးတန်းကို မရောက်လာခင် အားပျော့ သွားသင့်ပေမယ့် အန္တရာယ်ရှိတဲ့ မိုးတွေကို သယ်ဆောင်လာကြောင်း ဆိုပါတယ်။
နွေရာသီအပူလှိုင်း စံချိန်တင်ပြီးနောက်မှာ ကယ်လီဖိုးနီးယား၊ နီဗားဒါးနဲ့ အိမ်နီးချင်း အရီဇိုးနား ပြည်နယ်တို့ကို ဟီလာရီ မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းရပါတယ်။
ဘာဟား ကယ်လီဖိုးနီးယား ဆားပြည်နယ်အုပ်ချုပ်ရေးမှူး ဗစ်တာ မန်နူရယ် ကက်စထရိုကတော့ မိုးအမြောက်အမြား သေချာပေါက် ရွာသွန်းမယ်လို့ ဒေသခံတွေကို သတိပေးခဲ့ပြီး မကြာခင်အချိန် တွေမှာ ဟာရီကိန်းမုန်တိုင်း အင်အား လျော့နည်းဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
Source-Reuters











