
ရှရှားနိုင်ငံဟာ မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်နိုင်ငံတွေနဲ့ ဆက်ဆံမှုပိုမိုအားကောင်း ဖို့အတွက် စစ်ရေးလေ့ကျင့်သွားမယ်လို့ ရုရှားကာကွယ်ဝန်ကြီးဌာနက သြဂုတ် ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
သြဂုတ် ၁၅ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ၁၁ ကြိမ်မြောက် မော်စကို နိုင်ငံတကာ လုံခြုံရေးညီလာခံမှာ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေးရိုင်းဂူက အာရှပစိဖိတ် နိုင်ငံတွေနဲ့ စစ်ရေးအရ ဆက်ဆံမှုပိုမိုအားကောင်းစေဖို့ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
"အာရှပစိဖိတ်နိုင်ငံတွေထဲက ကျနော်တို့ရဲ့မိတ်ဖက်နိုင်ငံတခုဖြစ်တဲ့ အိန္ဒိယနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တည်ဆောက်သွားမှာပါ။ အိန္ဒိယနိုင်ငံအပြင် မြန်မာ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ လာအို၊ မွန်ဂိုလီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ နယ်ချဲ့ဆန့်ကျင်ရေး အတွေ့အကြုံတွေမျှဝေပြီး စစ်ရေးလေ့ကျင့်သွားမယ်" လို့ ရုရှားကာကွယ်ရေးဝန်ကြီးက မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံဟာ အာရှ-ပစိဖိတ် ဒေသက အာဆီယံဗဟိုပြု လုံခြုံရေးစနစ်အား ဖျက်သိမ်းဖို့ကြိုးစားနေတာကြောင့် နေတိုးအဖွဲ့ရဲ့ ထိပ်တိုက်ရင်ဆိုင်နိုင်မှုတွေလည်း ရှိလာနိုင်ပါတယ်။
မော်စကိုမှာကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက်ညီလာခံကို နိုင်ငံပေါင်း ၇၆ နိုင်ငံက စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ သံတမန် ကိုယ်စားလှယ်ပေါင်း ၈၀၀ ကျော် တက်ရောက်ခဲ့ပြီး ကမ္ဘာ့လုံးဆိုင်ရာလုံခြုံရေးနဲ့ ဒေသဆိုင်ရာလုံခြုံရေး ခြိမ်းခြောက်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။










