
ကွင်းလယ်ကစားသမားသစ် ဝါတာယူအန်ဒိုဟာ အလွန်ကောင်းမွန်တဲ့ကစားသမားဖြစ်ကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ချီးကျူးပါတယ်။
လီဗာပူးဟာ ဆောက်သမ်တန်က လာဗီယာနဲ့ ဘရိုက်တန်က ကိုင်ဆယ်ဒိုတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားကြိုးပမ်းခဲ့ပေမဲ့ ချဲလ်ဆီးအသင်းက လက်ဦးမူရယူသွားခဲ့လို့ နောက်ဆုံးမှာတော့ ဂျာမန်ကလပ်စတုဂတ်အသင်းခေါင်းဆောင် ဂျပန်လက်ရွေးစင်ကွင်းလယ်လူ ဝါတာယူအန်ဒိုကို ပေါင် ၁၆ သန်းနဲ့ ခေါ်ယူခဲ့တာပါ။
ဝါတာယူအန်ဒိုကို ခေါ်ယူနိုင်ခဲ့လို့ ပျော်ရွှင်ကျေနပ် မိကြောင်း၊ ကမ္ဘာ့ဘောလုံးလော ကအခြေအနေတွေဟာ ဘယ်လိုရှိနေလဲဆိုတာ ကောင်းကောင်းသိပြီး အန်ဒိုဟာ အမှန်တကယ်ကောင်းမွန်တဲ့ ကစားသမားဖြစ်ကြောင်း ကလော့ပ်က ပြောပါတယ်။
အန်ဒိုဟာ အသင်းနဲ့ လေးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး လီဗာပူးလို ထိပ်တန်းအသင်းကြီးမှာ ကစားခွင့်ရမှာကို စိတ်လှုပ်ရှားမိကြောင်းပြောပါတယ်။
ကွင်းလယ်ကစားသမားဖြစ်ပေမဲ့ ခံစစ်ပိုင်းကို ပိုမိုအားသန်တဲ့ နံပါတ် ၆ ကစားသမားဖြစ်ပြီး အသင်းရဲ့ ခံစစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းကောင်းမွန်ဖို့က သူ့ရဲ့တာဝန်ဖြစ် ကြောင်း အန်ဒိုက ပြောသွားပါတယ်။










