Home
မြန်မာသတင်း
တရုတ်ယွမ်ငွေဈေး စံချိန်တင်မြင့်တက်သဖြင့် ငွေကြေးအရောင်းရပ်နားထားရ
DVB
·
August 18, 2023
China Yuan

မြန်မာ-တရုတ်နယ်စပ်ဒေသတွေမှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး တရုတ်ယွမ်ဈေး စံချိန်တင် မြင့်တက်လာလို့ အရောင်းရပ်ထားတာနဲ့  ကြုံတွေ့နေရတယ်လို့ တရုတ်-မြန်မာ ငွေလွှဲလုပ်ကိုင်နေသူတွေထံက သိရပါတယ်။

သြဂုတ်လအစက တရုတ်ငွေ ၁ ယွမ်ကို ကျပ် ၄၁၀ မှ ၄၃၀ အတွင်းသာရှိပေမဲ့ သြဂုတ် ၁၈ ရက် ဈေးနှုန်းအရ တရုတ်ငွေ ၁ ယွမ်ကို မြန်မာကျပ်ငွေ ၅၁၅ မှ ၅၄၀ ထိ ​ရှိလာပါတယ်။

၂၀၂၁ ဇန်နဝါရီက တရုတ်ငွေ ၁ ယွမ်ကို မြန်မာငွေ ကျပ် ၂၂၀ သာ ရှိခဲ့ပြီး စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း မြန်မာငွေကြေး စံချိန်တင်ကျဆင်းပြီးနောက် ၁ ယွမ်ကို မြန်မာကျပ်ငွေ ၅၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့တာလို့ မူဆယ်ရှိ တရုတ်-မြန်မာ ငွေလွှဲလုပ်ကိုင်သူတဦးက ပြောပါတယ်။

“ယွမ်ငွေလဲလှယ်နှုန်းတွေက ဆက်တိုက်မြင့်နေတယ်၊ ပြန်ကျဖို့ မမြင်တော့ဘူး။ ဒီကသူတွေကလည်း ဘယ်သူမှ ကျပ်ငွေလက်ထဲမကိုင်ထားချင်ဘူး၊ ယွမ်ပဲ ကိုင်ထားချင်ကြတော့ ကျပ်ကနေ ယွမ်လဲတဲ့သူ အရမ်းများနေတယ်။ အခုလက်ရှိတော့ ညီမတို့ အရောင်းပိတ်ထားပါတယ်။ ညီမတို့မှမဟုတ်ဘူး အကုန်လုံး ကျပ်ကနေ ယွမ် မလဲပေးတော့ပါဘူး။ တရုတ်ယွမ်ကနေ မြန်မာငွေကြေး ကျပ်ပြောင်းချင်ရင်တော့ ညီမတော့ လဲပေးပါတယ်။ ၁ ယွမ်ကို ၅၀၀ က မနှစ်က တခါဖြစ်ဖူးတယ်။ ၅၀၀ ကျော်တော့ တခါမှမဖြစ်ဖူးဘူး၊ ခုမှ ပထမဆုံးပါ။”

​မြန်မာကျပ်ငွေမှ တရုတ်ယွမ် ပြောင်းလဲမှုခက်ခဲတာနဲ့ မြန်မာငွေကြေး စံချိန်တင် ကျဆင်းတာကြောင့် တရုတ်သွင်းကုန်တွေ ဝယ်ယူရာမှာ ဆုံးရှုံးနစ်နာမှုတွေ များစွာရှိနေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

မြန်မာနိုင်ငံဟာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကတဆင့် လျှပ်စစ်ပစ္စည်းများ၊ ယာဥ်နဲ့ ယာဥ်ဆက်စပ်ပစ္စည်းများ၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများနဲ့ ကလေးကစားစရာပစ္စည်းများကို အဓိက တင်သွင်းနေပါတယ်။

နယ်စပ်ကုန်သည်တဦးက “အခု ကုန်သည်တွေက ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ အနေအထားဗျာ။ ယွမ်ငွေကလည်း အရင်လို လဲဖို့မလွယ်ကူတော့ဘူး။ ပြီးတော့ ကိုယ့်ရဲ့ အရင်းအမြစ်တွေ ဆုံးရှုံးနစ်နာမှုတွေ အများကြီးရှိနေတယ်။ အရင်ကဆို မြန်မာငွေ ၁ သိန်းဆို ကလေးစီးတဲ့ ကား ၂ စီး ရမယ်ဆို အခု ၁ စီးပဲရတယ်။ ကလေးစီးတဲ့ ကားအစီး ၂၀ တင်မယ်ဆို အရင်က သိန်း ၂၀ ပဲဲကုန်ပေမဲ့ အခု သိန်း ၄၀ တောင်ကုန်မှာလေ။ လုပ်စားကိုင်စားရတာ ဘယ်လိုမှ အဆင်မပြေပါဘူး။ အခု လုပ်ငန်းဆက်မလုပ်ကိုင်နိုင်တဲ့သူတွေ အများကြီးပဲ” လို့ ပြောပါတယ်။

လက်ရှိ နယ်စပ်ကုန်သွယ်ရေးမှာ ကုန်သည်တွေဟာ တင်သွင်းပြီးသား ကုန်ပစ္စည်းတွေသာ ပြည်တွင်းကို ဖြန့်ဖြူးရောင်းချနေတာဖြစ်ပြီး အသစ်ထပ်ဝယ်ဖို့ အခက်တွေ့နေသလို လုပ်ငန်းရပ်နားတဲ့သူတွေပါ ရှိနေပါတယ်။

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး တရုတ်ယွမ်ငွေတန်ဖိုး တက်လာတာကြောင့် စျေးကွက်အတွင်း တရုတ်ပစ္စည်းတွေကိုသာ အဓိကမှီခိုနေရတဲ့ ပြည်သူတွေလည်း စျေးကြီးပေးဝယ်နေရတာကြောင့် ခက်ခဲမှုတွေ ရှိလာနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024