DVB Logo
Home
မြန်မာသတင်း
လူထုကို အတတ်နိုင်ဆုံး ကာကွယ်ပေးရန် ကရင်နီစစ်ဦးစီးချုပ် ပြောကြား
DVB
·
August 18, 2023
လူထုကို အတတ်နိုင်ဆုံး ကာကွယ်ပေးရန် ကရင်နီစစ်ဦးစီးချုပ် ပြောကြား
Donate to DVB

ကရင်နီပြည်ဟာ ပြည်တခု၊ နယ်တခု၊ ဒေသတခုရဲ့ ကိုယ်စားပြုမှုကို ရရှိလာတာနဲ့အမျှ ဆက်လက် ကြိုးစားသွားကြဖို့နဲ့ လူထုကို အတတ်နိုင်ဆုံးကာကွယ်ပေးကြဖို့ ကရင်နီပြည်တပ်မတော် (KA/KNDF) ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က  တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

ဩဂုတ် ၁၇ ရက်က ကျရောက်တဲ့ (၇၅) ကြိမ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားကို ပေးပို့တဲ့အမှာစကားမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ 

ကျဆုံးသွားတဲ့ မိမိသွေးသောက် ရဲဘော်ရဲဘက်ရဲ့ ဝိညာဉ်နဲ့ အသက်ပေးကြတဲ့ ပြည်သူပြည်သားတွေရဲ့ မျက်နှာကို ထောက်ရှုကြဖို့၊ မြို့ပျက် ရွာပျက်၊ ဘဝပျက်သွားတဲ့ လူထုမျက်နှာ ငဲ့ကြဖို့  ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြောပါတယ်။

ကရင်နီပြည်တပ်မတော်ဟာ ကြေးစားတပ်မဟုတ်ကြောင်း၊  မျိုးချစ်တပ်ဖြစ်တာနဲ့အညီ ကြေးစားတပ်တွေထက် စည်းကမ်းရှိဖို့၊  ဥပဒေကို လေးစားဖို့၊ အမိန့်နာခံဖို့လည်း တိုက်တွန်းပါတယ်။

“တော်လှန်ရေးဆိုတာ သတ်သင့်တဲ့လူကို သတ်ရမှာပဲ၊ သေသင့်တဲ့လူလည်း သေရမှာပဲ။ တော်လှန်ရေးနိယာမ သဘောတရားဖြစ်တယ်”လို့ ဗိုလ်မှူးချုပ်အောင်မြတ်က  ပြောပါတယ်။ 

ကရင်နီလူမျိုးတွေဟာ ဘဘာဝဒဏ်ကို ခံနိုင်ပေမဲ့ နိုင်ငံရေးဒဏ်ကို မခံနိုင်ကြကြောင်းနဲ့ တော်လှန်ရေး ဆိုတာဟာ  လူထုကို မှန်မှန်ကန်ကန်ဦးဆောင်ရမှာဖြစ်ပြီး  လူ့အခွင့်အရေးကို လေးစားကြဖို့လည်း  ထည့်သွင်းပြောကြားသွားပါတယ်။ 

မြန်မာပြည်မှာ ဗမာလူမျိုးအများစုက တော်လှန်ရေးမှာ ပါဝင်တော်လှန်လာကြပြီလို့ တော်လှန်ရေးအင်အား ကောင်းမွန်လာပြီး အောင်မြင်ခြင်းသို့ ရောက်မယ်လို့  လုံးဝ ယုံကြည်ကြောင်းလည်း ထည့်သွင်းပြောထားပါတယ်။ 

ဒါ့အပြင် တပ်မှူးကောင်းတွေ မွေးထုတ်ဖို့ အထူးတိုက်တွန်းလိုကြောင်းနဲ့ ကရင်နီပြည်တပ်မတော်၊ KNDF/KPDF တွေကို စေတနာအပြည့်နဲ့ ကူညီပံ့ပိုးထောက်ပံ့နေကြတဲ့ ပြည်တွင်းပြည်ပရှိ တော်လှန်ရေးဘက်တော်သားတွေ၊ ရဟန်းရှင်လူ မိဘပြည်သူတွေ၊ လူမှုအဖွဲ့အစည်းတွေကို အားလုံးကိုယ်စား အထူးကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောကြားပါတယ်။ 

ကရင်နီပြည်ဟာ သေးငယ်ပေမယ့် ရန်သူအဆမတန်အင်အားနဲ့ စစ်ဆင်လာပေမဲ့ နောက်ဆုံး တပ်ပျက်သွားတဲ့ အဖြစ်အပျက်တွေဟာ အခုမှတင်မဟုတ်ဘဲ အနော်ရထာမင်း လက်ထက်ကတည်းက ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် ဩဂုတ် ၁၇ ရက်မှာ ကျရောက်တဲ့ (၇၅) ကြိမ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားကို ကရင်နီတပ်မတော်ထိန်းချုပ်နယ်မြေ တနေရာမှာ ကျင်းပခဲ့ပါတယ်။

ဒီးမော့ဆိုမှာ အကျဉ်းချုံးပြုလုပ်ခဲ့တဲ့ (၇၅) ကြိမ်မြောက် ကရင်နီပြည်တပ်မတော်နေ့ အခမ်းအနားမှာတော့  KA အမှတ် ၅ တပ်ရင်းက အရာရှိနဲ့  ရဲဘော်တွေ၊ KNDF ဒုစစ်ဦးစီးချုပ်၊ ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဒီမော့ဆို local PDF တပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။ 

ကရင်နီပြည်တပ်မတော်ဟာ ၁၉၄၈ ခုနှစ် ဩဂုတ် ၁၇  ရက်နေ့မှာ တပ်မှူး ၇ ယောက် ရဲဘော် ၇ ယောက်နဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး သက်တမ်းဟာ ၇၅ နှစ်ရှိပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013