
မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်မှာ သြဂုတ်လ ၁၇ ရက်က ကိုယ်ပိုင်လေယာဉ်တစင်း ပျက်ကျခဲ့ရာမှာ လေယာဉ်ဝန်ထမ်းတွေနဲ့ ခရီးသည်တွေအပြင် ဆိုင်ကယ်မောင်းသူနဲ့ ကားမောင်းသူတွေပါ စုစုပေါင်း ၁၀ ဦး သေဆုံးသွားခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
ခရီးသည် ၆ ဦးနဲ့ လေယာဉ်အမှုထမ်း ၂ ဦးတို့ အပါအဝင် လူ ၈ ဦးကို တင်ဆောင်လာတဲ့ ဘီခ်ျကရာ့ဖှ်ထ် ကိုယ်ပိုင်လေယာဉ်အသေးစားတစင်းဟာ မဆင်းသက်ခင် ၂ မိနစ်အလိုမှာ ထိန်းချုပ်မျှော်စင်နဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး မွန်းလွဲ ၁၄ နာရီ ၄၀ မိနစ်မှာ ပျက်ကျခဲ့တယ်လို့ ပြည်နယ်ရဲချုပ် ဟူစိန်အိုမာခန်က ပြောကြားပါတယ်။
လေယာဉ်ဟာ အဝေးပြေးလမ်းမပေါ်က ဆိုင်ကယ်တစီးနဲ့ ကားတစီးတို့ကိုလည်း တိုက်မိခဲ့ပြီး ဒီမတော်တဆမှုမှာ အသက်ရှင်ကျန်ရစ်သူ မရှိခဲ့ပါဘူး။
လေယာဉ်ဟာ အားလပ်ရက် အပန်းဖြေကျွန်းဖြစ်တဲ့ လန်ကာဝီကျွန်းကနေ ဆီလန်ဂေါပြည်နယ်ရဲ့ ဆူလ်တန် အဗ္ဗဒူလ်အဇစ်ရှားလေဆိပ်ကိုအသွား အလ်မီနာမြို့နယ်အနီးမှာ ပျက်ကျခဲ့တာလို့ မလေးရှား မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ အမှုဆောင်အရာရှိချုပ် နိုရက်ဇ်မန်းမာမွဒ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
Source-Reuters