ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာ မြန်မာအလုပ်သမားတွေ ဘေးတွဲဆိုင်ကယ်တွေနဲ့ ခရီးသည်တွေကို ပို့ဆောင်နေလို့ သစ်သားမီနီဘတ်စ်ကားတွေ စီးနင်းသူနည်းပါးကာ ဝင်ငွေထိခိုက်လာတယ်ဆိုပြီး ထိုင်းဘတ်စ်ကားမောင်းသမားတွေက သြဂုတ် ၁၅ ရက်မှာ ဆန္ဒပြခဲ့ကြတယ်လို့ ထိုင်း PR Rannong သတင်းမှာ ဖော်ပြပါတယ်။
ရနောင်းမြို့မှာရှိတဲ့ ရနောင်းအုပ်ချုပ်ရေးမှုးဟောင်းရဲ့ ရုပ်တုရှေ့မှာ သစ်သားမီနီဘတ်စ်ကား ၁၀၀ ကျော်နဲ့ သြဂုတ် ၁၅ ရက် မနက် ၁၀ နာရီမှာ တရားမဝင် ဘေးတွဲဆိုင်ကယ် ပြေးဆွဲမှုကို တာဝန်ရှိသူတွေ အမြန်ဆုံးဖြေရှင်းပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာလူအမျိုးအများစုနဲ့ ထိုင်းလူမျိုးအချို့ရဲ့ ဘေးတွဲဆိုင်ကယ်တွေဟာ ရနောင်းမြို့မှာ ပေါများလာပြီး ဘတ်စ်ကားပြေးဆွဲတဲ့ လမ်းကြောင်းအတိုင်း တရားမဝင်ပြေးဆွဲနေတာကြောင့် သစ်သားမီနီဘတ်စ်ကားအသင်းက ဝင်ငွေနည်းပါးလာပြီး ထိခိုက်မှုတွေရှိနေတယ်လို့ ဘတ်စ်ကားအသင်းရဲ့ ကိုယ်စားလှယ် ဘွန်ချော့ကန်ချနာဝွန်က ပြောပါတယ်။
ဆိုင်ကယ်ဘေးတွဲတွေ တရားမဝင်ပြေးဆွဲတာကို သစ်သားမီနီဘတ်စ်ကားအသင်းက ရနောင်းခရိုင်မှာရှိတဲ့ အစိုးရဌာန အများအပြားနဲ့ ရနောင်းအုပ်ချုပ်ရေးမှူးထံ စာတင် တိုင်ကြားထားပေမဲ့ လာရောက်ဖြေရှင်းပေးခြင်းမရှိဘူးလို့ သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာအလုပ်သမားတွေဟာ လိုင်စင်မရှိတဲ့ ကိုယ်ပိုင်ဆိုင်ကယ်၊ ဆိုင်ကယ်ဘေးတွဲတွေနဲ့ တရားမဝင် ပြေးဆွဲတာကြောင့် ဘတ်စ်ကားပြေးဆွဲမှုကို မှီခိုနေတဲ့ ရနောင်းဒေသခံများ ခက်ခဲမှုတွေ ရှိလာကာ ဘတ်စ်ကား ၁၀၀ ကျော် ပြေးဆွဲမှုရပ်ပြီး ဆန္ဒပြတောင်းဆိုတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါတဲ့ ထိုင်းနိုင်ငံသားတစ်ဦးက ပြောပါတယ်။
ဆန္ဒပြပွဲပြုလုပ်ခဲ့တဲ့ ရနောင်းအုပ်ချုပ်ရေးမှူးဟောင်းရဲ့ ရုပ်တုရှေ့ကို ရနောင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ရီချန်မီနွိုင်းနဲ့ ရနောင်းခရိုင် အမြဲတမ်းအတွင်းဝန် ကစ်တီပေါ့ တို့လာရောက်ခဲ့ပြီး ဘတ်စ်ကားလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။
Source. PR Rannong