
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၈ လမ်းနဲ့ ၁၃၉ လမ်းထောင့်၊ ဈ ရပ်ကွက်ရှိ ချမ်းမြေ့ရိပ်မွန် တည်းခိုခန်း RC ၃ ထပ်၊ ပထမထပ်မှာ ဩဂုတ် ၁၆ ရက် မနက်ပိုင်းက လူ ၄ ဦး ဓာတ်လိုက်ခံရပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
မနက် ၁၀ နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး တည်းခိုခန်းဝန်ထမ်း အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးတို့က တည်းခိုခန်း ပထမထပ်က ဆန်းရှိတ်အမိုးပေါ်မှာ သန့်ရှင်းရေးလုပ်နေရင်း မီးကြိုးနဲ့ငြိကာ ဓာတ်လိုက်ခဲ့တာ ဖြစ်ပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်းတခုရဲ့ တာဝန်ခံက “မနက် ၁၀ နာရီမှာ မနော်ဟရီလမ်းက တည်းခိုခန်းမှာ ဓာတ်လိုက်တယ်။ လူ ၄ ဦး ထိထားတယ်လို့ သတင်းဝင်တာပါ။ အမိုးပေါ် သန့်ရှင်းရေး တက်လုပ်ရင်း သွယ်ထားတဲ့ မီးကြိုးကနေ ဓာတ်လိုက်တာ။ အဲ့ကနေ အောက်ပြုတ်ကျတော့ ဒဏ်ရာရကြတာ။ ခေါင်းထိထားတဲ့ အမျိုးသမီးတဦးတော့ အရောင်ပြောင်းသွားပါတယ်” လို့ ပြောပါတယ်။
ဓာတ်လိုက်ပြီး အောက်ကိုပြုတ်ကျခဲ့တာကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသွားပြီး အမျိုးသမီး ၁ ဦးမှာ ဓာတ်လိုက်ခံရတဲ့အပြင် ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။
အဆိုပါနေရာကို မန္တလေးခရိုင်မီးသတ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အရန်မီးသတ်တပ်ဖွဲ့နဲ့ အရပ်ဘက်အသင်းတွေက ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးနဲ့ သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို လောကပါလအသင်း လူနာတင်ယာဉ်နဲ့ မန္တလေးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။











