
လစ်ဗျားမြို့တော် ထရီပိုလီရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့တွေဟာ ခရိုင်အများအပြားမှာ အခုနှစ်အတွင်း အဆိုးရွားဆုံး အကြမ်းဖက်မှုအဖြစ် သြဂုတ် ၁၄ ရက်က ညလုံးပေါက်နဲ့ သြဂုတ် ၁၅ ရက် မနက်ပိုင်းအထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ပိုကျယ်ပြန့်ဆိုးရွားလာမှာကို ကြောက်ရွံ့စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။
တိုက်ပွဲတွေကြောင့် သေဆုံးသူ အရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ ဖှာရ်နာ့ဂျ်၊ အိုင်းန်ဇားရာနဲ့ တာရစ်ခ်ရှော့ခ်ခရိုင်တို့က ရုပ်အလောင်း ၃ လောင်းကို ရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ထားတဲ့ ဆေးဘက်ဆိုင်ရာဌာနက ပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဟာ ပြည်သူတွေကို သွေးလှူဒါန်းပေးဖို့ မေတ္တာရပ်ခံထားပါတယ်။
လူ ၁၉ ဦး ဒဏ်ရာရခဲ့ပြီး ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ခရိုင်က မိသားစု ၂၆ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ကြောင်း လူနာတင်ယာဉ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ အူဆာမာ အလီက ပြောကြားခဲ့ပါတယ်။
အင်္ဂါနေ့အစောပိုင်းက မြို့ရဲ့အစိတ်အပိုင်းတွေပေါ်မှာ မီးခိုးလုံးမည်းမည်းတွေ ပြန့်ကျဲနေပြီး လမ်းမတွေပေါ်မှာ လက်နက်ကြီးသံတွေ တဟုန်ထိုးပျံ့နှံ့နေကြောင်း ထရီပိုလီမြို့ရှိ ရိုက်တာသတင်းထောက်တဦးက ပြောပါတယ်။
မြို့တော်ရဲ့ နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ကြောင်း မြို့ခံတွေနဲ့ ဒေသတွင်း မီဒီယာတွေက ပြောဆိုကြပါတယ်။
လစ်ဗျားဟာ ၂၀၁၁ ခုနှစ် နေတိုး ကျောထောက်နောက်ခံပြု အုံကြွမှုနောက်ပိုင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အနည်းငယ်သာရှိခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းအုပ်စုတွေ စစ်ဖြစ်ကြတဲ့အကြား နိုင်ငံလည်း နှစ်ခြမ်းကွဲသွားခဲ့တာ ဖြစ်ပါတယ်။
Source - Reuters











