
ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌဖြစ်သူ ဒေါ်ညိုအေးကို သြဂုတ်လ ၁၅ ရက် ဒီနေ့လယ်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က လာဖမ်းဆီးသွားတယ်လို့ နီးစပ်သူတွေဆီကနေသိရပါတယ်။
ဒေါ်ညိုအေးကို စစ်တွေမြို့နယ်မှာရှိတဲ့ ရခိုင်အမျိုးသမီးကွန်ရက်ရုံးကနေ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အချိန်အားဖြင့် နေ့လယ်ပိုင်းလောက်ပါ။ သူက ရုံးမှာနေတာ။ ရုံးကနေ ဖမ်းခေါ်သွားတာ။ ခုတော့ အမျိုးသမီးကွန်ရက်အဖွဲ့ဝင်တွေ ရဲစခန်းကို လိုက်သွားကြပါတယ်။ အကျိုးအကြောင်း သိရအောင်ပါ။”
အခုလို ဖမ်းဆီးမခံရမီ ဒေါ်ညိုအေးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်မှာ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့တဲ့ ဆန်ပြဿနာနေ့ အခမ်းအနားကို တက်ရောက် အမှာစကား ပြောခဲ့ပါတယ်။
ရခိုင်အမျိုးသမီးကွန်ရက်အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ညိုအေးဟာ အမျိုးသမီးအရေး၊ ကလေးသူငယ်အရေးတွေနဲ့ ပတ်သက်လို့ တက်ကြွလှုပ်ရှားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။
ပုံ-ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ











