DVB Logo
Home
မြန်မာသတင်း
ကနီတွင် စစ်ရေယာဉ် ၇ စီး ပစ်ခတ်ခံ၊ ကလေးမြို့ ၃ ရက်ကြာတိုက်ပွဲအတွင်း စစ်တပ်က ၁၀ ဦး ထက်မနည်း သေဆုံး
DVB
·
August 15, 2023
ကနီတွင် စစ်ရေယာဉ် ၇ စီး ပစ်ခတ်ခံ၊ ကလေးမြို့ ၃ ရက်ကြာတိုက်ပွဲအတွင်း စစ်တပ်က ၁၀ ဦး ထက်မနည်း သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မင်းကင်းဒေသ၊ ချင်းတွင်းမြစ်ကြောအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဉ် ၇ စီးကို PDF တပ်ဖွဲ့ဝင်တွေက စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ Myanmar's Royal Dragon ARMY အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၃ ရက် မနက် ၁၁ နာရီလောက်မှာ စစ်‌ေကာင်စီ ကုန်တင်မော်တော် ၇ စီး ဖြတ်သန်းသွားလာမယ်ဆိုတာ သတင်းကြိုရလို့ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

MRDA ဘဏ္ဍာရေးနဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ကိုနောင်ရိုးက “သတင်းကြိုရလို့ တိုက်ခိုက်ခဲ့တာပါ။ အဖွဲ့စုံနဲ့တိုက်တာ၊ စနိုက်ပါနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ သုံးကောင်ကျသွားတဲ့သတင်း အတိအကျ ရပါတယ်။ အာပီဂျီနဲ့လည်း ပစ်တယ်။ ၈၄ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တော့ မော်တော်တစီး လည်ထွက်သွားတယ်။ ၇ စီးမြောက် သင်္ဘောပေါ်က စခ ၃ ကောင်တော့ စနိုက်ပါနဲ့ပစ်လို့ သေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အခု ပစ်ခတ်တိုက်ခိုက်မှုမှာ မိနစ် ၅၀ ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့ နေရာတွေကို လက်နက်ကြီး လက်နက်ငယ်တွေအပြင် ဒရုန်းတွေနဲ့ပါ ပစ်ခတ်ခဲ့ပေမဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ ကုန်တင်ရေယာဉ်တစီး ပျက်စီးခဲ့ပြီး အဲ့ဒီရေယာဉ်ကို စစ်‌သင်္ဘောတစီးက ကြိုးတွေနဲ့ ဆွဲငင်ယူဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီရေယာဉ်တန်းကို ချင်းတွင်းနွေဦးအဖွဲ့၊ မုံရွာခရိုင်တပ်ရင်း-၂၅၊ တပ်ခွဲ-၅ နဲ့ တပ်ခွဲ-၆၊ MPDF တပ်ဖွဲ့၊ ဘာမထီ(သလင်း)အဖွဲ့က မဟာမိတ်ညီနောင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့၊ မြို့လှရပ်ကွက်နဲ့ စက္ကန့်ရွာကြားမှာဖြစ်ပွားတဲ့ ၃ ရက်ကြာ တိုက်ပွဲမှာ စစ်တပ်က သေဆုံးသူ ၁၀ ဦးထက် မနည်းရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ချုပ် CNDF စာရင်းအရ သိရပါတယ်။

ဩဂုတ် ၁၀ ရက်က ၁၃ ရက်အထိ တိုက်ပွဲတွင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ထိခိုက် ကျဆုံးသူ မရှိခဲ့ဘဲ စစ်တပ်က မြို့လှရပ်ကွက်အတွင်းကို စစ်ကြောင်းထိုးကင်းလှည့်ရာကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ကလေးမြို့တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တဦးက "တိုက်ပွဲတွင်းမှာက တောင်အူ၊ ပြင်သာရွာက ပျူတွေ ပိုပြီးအကျများတယ်။ ကျနော်တို့ဘက်က AK-47 သေနတ် တလက် ရယူနိုင်ခဲ့တယ်။ ကျန်တဲ့ခဲယမ်းနဲ့ မိုင်းတချို့ရော ရခဲ့တယ်”လို့ ပြောပါတယ်။

ဩဂုတ် ၁၀ ရက်နေ့က စစ်ကောင်စီတပ်သား ၂ ဦး၊ ၁၂ ရက်နေ့က ၈ ဦး  သေဆုံးခဲ့ပြီး ၁၁ ရက်နေ့ တိုက်ပွဲတွင်းတုန်းက စစ်တပ်က ထိခိုက်မှု ရှိနိုင်ပေမဲ့ အတည်ပြုလို့ မရခဲ့ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်ပွားရာနားက အင်ဒိုင်းကုန်း၊ မြို့လှ၊ စက္ကန့်၊ တောင်သာနဲ့ မွှန်ထာရပ်ကွက်က ဒေသခံ ၂၀၀၀ ဝန်းကျင်ဟာလည်း တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-Salai

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013