
ထိုင်းနိုင်ငံ၊ ဘန်ရွက်နရာဒွာ ကူးစက်ရောဂါဌာနမှာ အသက် ၃၄ နှစ်အရွယ် အမျိုးသားတယောက် မျောက်ကျောက်ရောဂါဖြစ်ပြီး ပထမဆုံး သေဆုံးခဲ့တယ်လို့ ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာရက်ကရုတ်နိုက်ရာဝီဝမ်က ပြောကြားခဲ့ပါတယ်။
လူနာအမျိုးသားမှာ ဖျားနာတာ၊ ခေါင်းကိုက်တာ၊ အဖုအပိန့်တွေနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေမှာ အရည်ကြည်ဖုတွေ ပေါက်လာလို့ ဇူလိုင် ၃ ရက်က ပုဂ္ဂလိကဆေးရုံကို သွားရောက်ပြသခဲ့ကာ ပထမဆုံး ဆေးရုံတက်ခဲ့ရတာဖြစ်တယ်လို့ ဒေါက်တာသာရက်က ပြောပါတယ်။
ဆေးရုံက လူနာအမျိုးသားမှာ Mpox (မျောက်ကျောက်ရောဂါ) ကူးစက်ခံရနိုင်ခြေရှိတာကို ဇူလိုင် ၁၁ ရက်မှာ အတည်ပြုခဲ့ပါတယ်။
ဆေးရုံက သူ့ရဲ့ရောဂါစမ်းသပ်ဖို့ သက်ဆိုင်ရာဌာနကို ပေးပို့ခဲ့ပြီး မျောက်ကျောက်ရောဂါ ရှိနေတာကို စမ်းသပ်တွေ့ရှိခဲ့ပါတယ်။
လူနာမှာ HIV နဲ့ ဆစ်ဖလစ်ရောဂါတွေ ရှိနေတာကို ဆရာဝန်တွေက တွေ့ရှိခဲ့ပြီး လူနာက လည်ချောင်းနာတယ်လို့ ညည်းညူခဲ့ပါတယ်။
လေးပတ်ကြာ ကုသမှုခံယူပြီးတဲ့နောက် အဖုတွေ ပျောက်ကင်းသွားကာ ပြန်လည်သက်သာလာခဲ့ပြီး သြဂုတ် ၉ ရက်မှာ လူနာအမျိုးသားဟာ ပင်ပန်းနွမ်းနယ်ကာ အသက်ရှူရ ခက်ခဲလာလို့ ဆေးရုံကို အမြန်ပြန်ပို့ခဲ့ပါတယ်။
မျောက်ကျောက်ရောဂါကြောင့် ဖြစ်ရတဲ့ အဖုတွေဟာ လူနာရဲ့ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားတာကို ကုသပေးတဲ့ ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။
ရောဂါပိုးဟာ လူနာရဲ့ အဆုတ်နဲ့ ဦးနှောက်ထဲကို ပျံ့သွားပြီး မျောက်ကျောက်ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ ပဋိဇီဝဆေးတွေနဲ့ ပိုးသတ်ဆေးတွေ စီမံပေးခဲ့ပေမဲ့ သြဂုတ် ၁၁ ရက်မှာ သေဆုံးခဲ့ပါတယ်။
မျောက်ကျောက်ရောဂါဟာ အလွယ်တကူ ကူးနိုင်တဲ့အတွက် လူစိမ်းတွေနဲ့ လိင်ဆက်ဆံခြင်းမပြုဖို့ ဒေါက်တာသာရက်က သတိပေးထားပါတယ်။
သြဂုတ် ၈ ရက်အထိ ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၁၈၉ ဦးရှိပြီး ထိုင်းနိုင်ငံသား ၁၆၁ ဦးနဲ့ နိုင်ငံခြားသား ၂၈ ဦး ရှိပါတယ်။
လူနာအများစုမှာ လိင်တူဆက်ဆံသူ အမျိုးသားတွေဖြစ်ပြီး ၈၂ ဦးမှာ HIV ပိုးရှိနေတယ်လို့ ဒေါက်တာသာရက်က ဆက်ပြောပါတယ်။
ဥရောပမှာ ပျံ့နှံ့မှု စတင်ကတည်းက နိုင်ငံအများအပြားမှာ ေမျာက်ကျောက်ရောဂါဖြစ်လို့ လူ ၁၅၂ ဦး သေဆုံးခဲ့ပါတယ်။
Source - The Nation Thailand










