Home
မြန်မာသတင်း
မောင်တောတွင် ကျပ်သိန်း ၆၅၀ တန်ဖိုးရှိ တရားမဝင် တရုတ်ထုတ်စီးကရက်များ ဖမ်းမိ
DVB
·
August 14, 2023

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ၃ မိုင် ဝေသာလီပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တရားမဝင် အကောက်ခွန်မဲ့ စီးကရက်ဖာ ၁၀၀၊ ကာလတန်ဖိုး ကျပ်သိန်း ၆၅၀ ကို ဒီနေ့ သြဂုတ် ၁၄ ရက် ညနေ ၃ နာရီလောက် တရားခံ ၂ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။

“ဒီနေ့ မွန်းလွဲ ၃ နာရီခွဲမှာ ဖမ်းမိတာ။ အငူမော်ကနေ မောင်တောဘက်ကို တရားမဝင် အကောက်အခွန်မဲ့ စီးကရက်ဖာတွေ တင်ဆောင်လာတဲ့ ၆ ဘီး မော်တော်ယာဉ်တစီးနဲ့ တရားခံ ၂ ဦး ဖမ်းဆီးရမိခဲ့​တာ။ တရုတ်နိုင်ငံထုတ် ORIS တံဆိပ်ပါ တရားမဝင် အကောက်ခွန်မဲ့ စီကရက်ဖာ ၁၀၀၊ ကာလတန်ဖိုး ကျပ်သိန်း ၆၅၀ ရှိတယ်” လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တရားမဝင် စီးကရက်တွေနဲ့အတူ စစ်တွေမြို့၊ အုန်းတပင်ရပ်ကွက်မှ ယာဉ်မောင်း သန်းဝင်း (၃၄ နှစ်)၊ (ဘ) ဦးသန်းထွန်းနဲ့ စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်မှာ နေထိုင်သူ ထွန်းထွန်း (၃၈ နှစ်)၊ (ဘ) ဦးမောင်သောင်းစိန် တို့ကို မောင်တောမြို့မရဲစခန်းမှာ ပို့/သွင်းဥပဒေပုဒ်မ-၈ နဲ့ အမှုဖွင့် အရေးယူထားကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။

မောင်တောမြို့နယ်၊ ၃ မိုင် ဝေသာလီသုံးခွဆုံ ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းတွေနဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ခြင်းမရှိစေရေး စစ်ဆေးဆောင်ရွက်နေတယ်လို့ အကြောင်းပြပြီး စစ်တောင်စီတပ်မမှူးကိုယ်တိုင် အထိုင်ပြုကာ မောင်တောမြောက်ပိုင်းကို ရိက္ခာသယ်ယူတာတွေကို စောင့်ကြည့်နေတာလို့ မောင်တောဒေသ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

“သူတို့က အ​ကြောင်းတွေမျိုးစုံပြပြီး ဝေသာလီ ၃ မိုင် လမ်းခွဆုံမှာ အဖွဲ့ပေါင်းစုံက ပြန်ပြီး ဂိတ်ပြန်ဖွင့်လာတာ။ ၂၀၂၂ ဒီဇင်ဘာမှာ စစ်တပ် ၃ မိုင် သာစည်ကျေးရွာက ဇရပ်မှာ အထိုင်ချနေခဲ့ကြတာ။ အဲဒီနောက် စစ်ဆေးရေးစခန်းတွေ မရှိခဲ့ဘူး။ အခု ၂၀၂၃ သြဂုတ် ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်မမှူးကိုယ်တိုင် ထိုင်ပြီး စခန်းသစ်ဖွင့်ထားတာ။ အဲဒီကတော့ မောင်တောမြောက်ပိုင်းကို သယ်ယူနေကြတဲ့ ရိက္ခာနဲ့ လူတွေကို စစ်ဆေးနေကြတာ။”

အဲဒီပူးပေါင်းအဖွဲ့မှာ စစ်ကောင်စီနဲ့ ယာဉ်ထိန်းရဲ၊ လူကုန်ကူး၊ မူးယစ်၊ အကောက်ခွန်၊ လဝက၊ ရဲ၊ နယ်ခြားစောင့်၊ ထွေအုပ် ရပ်ကျေးနဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေပါ ပါဝင်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024