
အိန္ဒိယနိုင်ငံရဲ့ မြောက်ပိုင်းပြည်နယ်တခုဖြစ်တဲ့ ဟီမာချယ် ပရာဒေ့ရှ်မှာ သြဂုတ် ၁၄ ရက်က မြေပြိုမှုတခု ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၁ ဦးအထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီပြည်နယ်ရဲ့ မြို့တော် ရှင်းမလားမှာ တနင်္လာနေ့ အစောပိုင်းတုန်းက မြေပြိုခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်အတွင်း ယုံကြည်ကိုးကွယ်သူတွေ စုဝေးလေ့ရှိတဲ့ ဘုရားဖူးနေရာတခုပါ ပျက်စီးသွားခဲ့ပါတယ်။
အခင်းဖြစ်ပွားရာ ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဆုခ်ဗင်းဒါး ဆင်း ဆူခူ ကတော့ နောက်ထပ် လူပေါင်း ၂၀ ကနေ ၂၂ ဦးအထိ ပျောက်ဆုံးနေဆဲဖြစ်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ မှတ်ချက်ပေးပါတယ်။
လွန်ခဲ့တဲ့ ၁ နှစ်၊ ၂ နှစ်အတွင်း အိန္ဒိယနိုင်ငံရဲ့ တောင်တန်းဒေသတွေ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတဲ့ ပါကစ္စတန်နဲ့ နီပေါတို့မှာပါ ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေခဲမြစ်တွေ အရည်ပျော်မှုကြောင့် လူသေဆုံးနိုင်တဲ့ လျှပ်တပြက် ရေကြီးမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေက ရာသီဥတုဖောက်ပြန်မှုကိုသာ ပိုမိုအပြစ်တင်လာကြတယ်လို့ ဖော်ပြထားပါတယ်။
Source - Reuters











