DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းအထည်ချုပ်ကဏ္ဍတွင် အမျိုးသမီးများ အလုပ်အကိုင်ဆုံးရှုံးမှု ပိုများလာ
DVB
·
August 14, 2023
ပြည်တွင်းအထည်ချုပ်ကဏ္ဍတွင် အမျိုးသမီးများ အလုပ်အကိုင်ဆုံးရှုံးမှု ပိုများလာ
Donate to DVB

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာပြီး စီးပွားရေးကျဆင်းမှုနဲ့အတူ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားအရေအတွက် ပိုများလာတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစလို့ အလုပ်အကိုင်ရပ်စဲမှု ၂၃ ဒသမ ၅ ရာခိုင်နှုန်း တိုးခဲ့ပြီး အလုပ်ထုတ်ပယ်မှု ၄၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က သြဂုတ် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အထူးသဖြင့် ပြည်တွင်းအထည်ချုပ်ကဏ္ဍမှာ အမျိုးသမီး အလုပ်သမားအရေအတွက် ပိုများပြီး အာဏာသိမ်းမှု နောက်ဆက်တွဲအနေနဲ့ အမျိုးသမီးတွေ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှု ပိုများလာတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။

မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က “အထည်ချုပ်လုပ်ငန်းခွင်မှာရှိတဲ့ အမျိုးသမီး အများစုကလည်း အလုပ်အကိုင် ရှားပါးမှုဒဏ်ကို ခံနေရတယ်။ တချို့ဆိုရင် ပြည်ပကိုထွက်ခွာပြီး ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် လုပ်ကိုင်ကြတာ ရှိတယ်။ တချို့က ပြည်တွင်းမှာပဲ မိဘတွေရဲ့ လက်ငုတ်လက်ရင်းတွေ၊ မိရိုးဖလာ လုပ်ငန်းတွေကို ပြန်လုပ်ကိုင်တာရှိသလို တနိုင်တပိုင်လုပ်ငန်းတွေ ပြန်လုပ်ကိုင်တာ ရှိတယ်။ အဲဒီတော့ ဒီအလုပ်အကိုင် ရှားပါးမှုက အာဏာမသိမ်းခင်ကလည်း ရှိခဲ့တယ်၊ အာဏာသိမ်းပြီး နောက်ဆက်တွဲမှာ ပိုများလာတယ်။ အဲ့ထဲမှာမှ အမျိုးသမီးတွေက ပိုပြီး အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးရတာ ဖြစ်တယ်။”

“အဓိကကတော့ အထည်ချုပ်လုပ်ငန်း ဖြစ်တယ်။ နိုင်ငံရေးအရ အလုပ်သမားတွေက စီးပွားရေးမှာလည်း ကျပ်တည်းနေတယ်။ အလုပ်အကိုင်တွေမှာလည်း ရှားပါးတဲ့အခါ အလုပ်သမား အခွင့်အရေးတွေကလည်း ဆက်တိုက်ဆက်တိုက် ချိုးဖောက်ခံရနေတယ်။ ဘရန်းဒ်တွေ အနေနဲ့ကလည်း ဒီလိုမျိုး နိုင်ငံရေးရဲ့ မတည်ငြိမ်မှုအပေါ်မှာ အခွင့်ကောင်းယူပြီး အလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံရတဲ့အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးဆိုရင်လည်း ဆက်ရှိနေတာထက်စာရင် ထွက်သွားတာက ပိုပြီးတော့ ကောင်းတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အလုပ်သမားတွေဟာ အနိမ့်ဆုံး လုပ်ခလစာ ငွေကျပ် ၄,၈၀၀ ကနေ ဖူလုံတဲ့ ပမာဏတခု ရရှိအောင် တိုးပေးဖို့ တောင်းဆိုခဲ့တာ ၅ နှစ်ကျော်ပြီဖြစ်ပေမဲ့ လက်ရှိအချိန်ထိ လုပ်ခလစာ မတိုးမြင့်သေးပါဘူး။ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြားမှာ မလောက်ငတဲ့ လုပ်အားခနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရတာကြောင့် လုပ်ခလစာတိုးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း လုပ်ခလစာတိုးပေးဖို့ ဦးဆောင် တောင်းဆိုခဲ့ကြတဲ့ ဟိုစိမ့်(မြန်မာ) အထည်ချုပ်စက်ရုံနဲ့ Sun Apparel (မြန်မာ) အထည်ချုပ်စက်ရုံတို့က အလုပ်သမား ခေါင်းဆောင်တွေကို စစ်ကောင်စီက ဖမ်းဆီး အရေးယူခဲ့ပါတယ်။ ပြည်တွင်းမှာလည်း အလုပ်သမဂ္ဂတွေ ထဲထဲဝင်ဝင် လုပ်ကိုင်ခွင့်မရှိဘဲ အဖွဲ့ချုပ်အများစုကို စစ်ကောင်စီက မတရားအသင်းအဖြစ် ကြေညာထားပါတယ်။

ဒါ့အပြင် အလုပ်သမားသမဂ္ဂ ဖွဲ့စည်းတာ၊ အလုပ်သမား အခွင့်အရေး တောင်းဆိုသူတွေကို လုပ်ငန်းရှင်တွေက နာမည်ပျက်စာရင်းသွင်းပြီး တခြား ဘယ်စက်ရုံမှာမှ အလုပ်မရအောင် သတင်းလွှင့်တာတွေ ရှိတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ အလုပ်သမားတယောက်က ပြောပါတယ်။

“အဓိကကတော့ ယောကျ်ားလေးပေါ့။ ယောကျ်ားလေးဆို စက်ရုံတော်တော်များများက မခန့်တော့ဘူး။ ယောက်ျားလေးတွေက သမဂ္ဂအနေနဲ့ လုပ်လာတယ်။ အဖွဲ့အစည်းတခု အနေနဲ့ လှုပ်ရှားလာတယ်။ အခွင့်အရေးတွေ အများကြီးတောင်းလာတယ်။ သူတို့ အများကြီး ဦးဆောင်လာတယ်။ ဒါတွေကို လုပ်ငန်းရှင်တွေက တွေးပြီး အလုပ်အကိုင်တွေ ပိတ်လိုက်တဲ့ သဘော။ ယောက်ျားလေး သွားလျှောက်ရင် မရတော့ဘူး။ အဲ့လိုမျိုးတွေ ဖြစ်တာပေါ့။ အခုဆို အခြေအနေက တော်တော်ဆိုးလာပြီ။ အလုပ်အကိုင် မရှိတဲ့သူတွေ တော်တော်များလာပြီ။ ယောကျ်ားလေးကော မိန်းကလေးကော အဲ့လိုမျိုးတွေ ဖြစ်လာတယ်။”

အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားသူ ရာနဲ့ချီ ဖမ်းဆီးခံထားရပြီး စစ်ကောင်စီက အလုပ်သမားတွေကို ကူညီနေတဲ့ အလုပ်သမားအဖွဲ့နဲ့ သမဂ္ဂအဖွဲ့ ၁၆ ဖွဲ့ကို မတရားအသင်း ကြေညာပြီး ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့ ဒီနှစ်မှာ ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားအခွင့်အရေး အညွှန်းကိန်းတွေအရ အလုပ်သမားအခွင့်အရေး ချိုးဖောက်တဲ့ ကမ္ဘာ့အဆိုးဆုံး ၁ဝ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013