
ပင်လယ်နက်ရဲ့ အနောက်တောင်ဘက်ကနေ မြောက်ဘက်ကိုသွားတဲ့ ကုန်တင်သင်္ဘောတစီး ကို ရုရှားစစ်သင်္ဘောတစင်းက ဩဂုတ် ၁၃ ရက်မှာ သတိပေး ပစ်ခတ်ခဲ့ပြီး ယူကရိန်းဘက်ကို သွားတဲ့ ကုန်သင်္ဘောပေါ်ကို ရုရှားက ပထမဦးဆုံးအကြိမ် ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့လက ကုလသမဂ္ဂက အကျိုးဆောင်ပေးတဲ့ ကောက်ပဲသီးနှံဆိုင်ရာ သဘောတူညီချက်ကနေ နုတ်ထွက်ပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံက လယ်ယာထွက်ကုန်တွေကို ပင်လယ်နက်ကတဆင့် တင်ပို့ခွင့်ပြုတဲ့ ပင်လယ်နက် သဘောတူညီချက်မှာ ပါဝင်တာကို ရုရှားက ဇူလိုင်လမှာ ရပ်ဆိုင်းခဲ့တာပါ။
ယူကရိန်းရေပိုင်နက်ထဲကို ဦးတည်သွားနေတဲ့ သင်္ဘောအားလုံးဟာ လက်နက်တွေ သယ်ဆောင်လာနိုင်တယ်လို့ ယူဆရတဲ့အတွက် ရုရှားအစိုးရက သတိပေးခဲ့ပါတယ်။
ဗာဆေးလီး ဘိုကော့ဗ် ကင်းလှည့်သင်္ဘောဟာ ပါလောင် အလံတပ်ထားတဲ့ ဆူခရူ အိုခန် သင်္ဘောပေါ်ကို အလိုအလျောက် ပစ်ခတ်နိုင်တဲ့ လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရုရှားက ကြေညာချက် ထုတ်ပြန်ပါတယ်။
သင်္ဘောကပ္ပတိန်က စစ်ဆေးရေးအတွက် ရပ်တန့်ဖို့ တောင်းဆိုမှုကို မတုံ့ပြန်ခဲ့ပါဘူး။ ဒီသင်္ဘောဟာ ယူကရိန်းဆိပ်ကမ်း အစ္စမေးလ်ဆီကို ဦးတည်သွားနေတယ်လို့ ရုရှားက ပြောခဲ့ပါတယ်။
ဒီသင်္ဘောဟာ လက်ရှိမှာ ဘူလ်ဂေးရီးယားကမ်းရိုးတန်းနားမှာ ရှိပြီး ရိုမေးနီးယားဆိပ်ကမ်း ဆူလီနာဆီ ဦးတည်သွားနေတယ်လို့ Refinitiv သင်္ဘောဆိုင်ရာ သတင်းအချက်အလက် အင်တာနက်စာမျက်နှာက ပြသခဲ့ပါတယ်။
Source - Reuters











