
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ သြဂုတ် ၁၃ ရက် ညနေပိုင်းက စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်တာကြောင့် အပြစ်မဲ့ပြည်သူတယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ဥယျာဥ်စုရွာကို သြဂုတ် ၁၃ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၃၀ လောက် သေနတ်တွေ ပစ်ခတ်ဝင်ရောက်ပြီး လမ်းပေါ်မှာ လမ်းလျှောက်လာတဲ့ ပြည်သူတယောက်ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ကာ တယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရေစကြိုမြို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးခဲ့တဲ့သူကတော့ ထန်းချောင်းကျေးရွာ ဇာတိဖြစ်ကာ ဥယျာဥ်စုမှာနေထိုင်တဲ့ အသက် ၃၀ အရွယ် ကိုစိန်မိုးဖြစ်ပြီး ဝမ်းဗိုက်နဲ့ ဦခေါင်းတွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး ဖမ်းဆီးခံရတဲ့သူကတော့ နှိပ်စက်ခံခဲ့ရပြီး အခုမနက်ပိုင်းမှာ ပြန်လွတ်လာခဲ့တယ်လို့ ဆိုပါတယ်။
ဥယျာဥ်ကျေးရွာဟာ အိမ်ခြေ ၃၀ လောက်သာရှိပြီး ရေစကြိုမြို့ အမှတ် ၇ ရပ်ကွက် သင်္ချိုင်းနားမှာ နေထိုင်ကြတာဖြစ်ပြီး အဲဒီကျေးရွာက နေအိမ်တွေကို တအိမ်တက်ဆင်း မွှေနှောက်ခဲ့ကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရေစကြိုမြို့နယ်အတွင်းက ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ကြသလို ပြည်သူတွေရဲ့ ငွေကြေး၊ အဖိုးတန်ပစ္စည်းတွေကို အဓမ္မယူဆောင်ပြီး အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်လေ့ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ နှောကန်ရွာမှာလည်း စစ်ကောင်စီတပ်သားတဦးက အရက်မူးပြီး သေနတ်နဲ့ပစ်လို့ ၁၀ တန်းကျောင်းသူတဦး ခြေသလုံး ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က ဖြစ်တာ။ ဆရာမတယောက်နားကနေ ကပ်သွားပြီး ကျောင်းသူကိုထိတာ။ အရိုးအက်သွားတယ်။ သူတို့က မူးပြီးနှိပ်မိတာလို့ ပြောပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ အ.ထ.က(နှောကန်)မှာ ကျောင်းတက်နေတဲ့ ကျောင်းသား ကျောင်းသူ ၁,၀၀၀ ဝန်းကျင်ရှိပြီး ဆရာ ဆရာမ အင်အား ၅၀ လောက်ရှိကာ ကျောင်းမှာလည်း စစ်သားအင်အား ၂၀ လောက် တပ်စွဲထားတယ်လို့ သိရပါတယ်။
“သူတို့(စစ်ကောင်စီ)က ရည်ရွယ်ချက်ရှိရှိ ပစ်နေသလားမသိဘူး။ အခုဆိုရင် အနီးအနား ရွာတွေက နှောကန်ဆိုရင် မသွားရဲအောင်ဖြစ်နေပြီ။ တနေ့ကလည်း ဆိုင်ကယ် ၂ ယောက် စီးလို့ဆိုပြီး တော်တော်ကို ရိုက်ပစ်တာ” လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ကျောင်းကို ဆက်လက်ဖွင့်ခိုင်းထားပေမဲ့ ကျောင်းသားတွေကတော့ ကျောင်းဆက်မတက်ရဲဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။











