Home
မြန်မာသတင်း
မန်းချောင်းဆည်ရေပြည့်ပြီး ရေပိုလွှဲမှ ရေကျော်နေ
DVB
·
August 14, 2023

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာရှိတဲ့ မန်းချောင်းရေလှောင်တမံမှာ ဩဂုတ် ၁၃ ရက် မနေ့ကစလို့ ဆည်ရေပြည့်မှတ်ထက်ကျော်နေတာကြောင့် ရေပိုလွှဲကနေ ရေကျော်နေပြီး ပတ်ဝန်းကျင်ရွာတွေမှာလည်း အလံလွှင့်ထူ သတိပေးထားပါတယ်။

မန်းချောင်းရေလှောင်တမံဟာ တမံအမြင့် ပေ ၆၄၀၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေ ရှိပြီး ဩဂုတ် ၁၃ ရက်နေ့မှာ ၆၂၅ ဒသမ ၂ ပေ ကိုရောက်လာတာကြောင့် ပင်မရေပိုလွှဲကနေ ရေစကျော်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

ငဖဲမြို့နယ်မှာ ရင်းရှည်ရေလှောင်တမံနဲ့ မန်းချောင်းရေလှောင်တမံတို့ရှိပြီး အခုက မန်းချောင်းတမံရဲ့အထက်ပိုင်းမှာ မိုးရွာတာများခဲ့တာကြောင့် ရေပိုနေတာဖြစ်ပါတယ်။

တမံကနေထွက်လာတဲ့ရေတွေဟာ ပင်မရေပိုလွှဲကနေ ပတ်ဝန်းကျင်က ဆည်ရေသောက် ဧရိယာတွေထဲကို ရောက်ရှိမှာဖြစ်လို့ အခုလို ရေကျော်နေတာကို အများပြည်သူ သိရှိနိုင်ဖို့ တမံရေပိုလွှဲ၊ ရေထုတ်ပြွန်နဲ့ ရှင်းလင်းဆောင်နေရာတွေ၊ မန်းချောင်းတမံ ဆည်ရေသောက်ဧရိယာထဲက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွေမှာ အစိမ်းရောင်အလံ လွှင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန်းချောင်းရေလှောင်တမံဟာ ၂၀၂၁ ခုနှစ်ကလည်း ရေကျော်ကျခဲ့ဖူးပြီး မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မကွေးတိုင်းထဲမှာ နေရာကျဲကျဲမိုးရွာနိုင်သလို ဒီမနက်မှာ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့မှာ၊ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက်ကိုရောက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024