DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် လူ ၅ ဦး သေဆုံး၊ လူပေါင်း ၆၀,၀၀၀  ခန့် အိုးအိမ်စွန့်ခွာ 
DVB
·
August 14, 2023
မြန်မာနိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် လူ ၅ ဦး သေဆုံး၊ လူပေါင်း ၆၀,၀၀၀  ခန့် အိုးအိမ်စွန့်ခွာ 
Donate to DVB

မြန်မာနိုင်ငံမှာ ဇူလိုင်လလယ်ပိုင်းကစပြီး မုတ်သုန်မိုး သည်းထန်စွာရွာသွန်း ရေကြီးရေလျှံမှု တွေကြောင့်  လူ ၅ ဦး သေဆုံးကာ လူပေါင်း ၆၀,၀၀၀  လောက် နေစရာမဲ့ဖြစ်ခဲ့ရတယ်လို့ စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်ဌာနအရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြပါတယ်။

သေဆုံးသူ ၅ ယောက်ထဲမှာ ကလေးငယ် ၄ ယောက်ပါဝင်တဲ့အကြောင်း၊ မွန်ပြည်နယ်မှာ ကလေးငယ် ၃ ယောက်နဲ့ ရခိုင်ပြည်နယ်မှာ မိခင်တယောက်နဲ့ ကလေးတယောက် ရေနစ်သေဆုံးခဲ့တာလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူး  ဒေါ်လေးရွှေစင်ဦးက  အေပီသတင်းဌာနကို ပြောပါတယ်။

မိုးသည်းထန်ပြီး မြစ်ရေကြီးမှုတွေကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ ရေဘေးနဲ့ကြုံတွေ့နေရတာဖြစ်ပြီး လက်ရှိ အချိန်အထိ  ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တောင်ပိုင်းဒေသ တချို့နေရာတွေမှာ အခြေအနေ ဆိုးရွားနေတုန်းပဲဖြစ်ပါတယ်။

ရေကြီးမှုကြောင့် အစပိုင်းက ရေဘေးသင့်ပြည်သူ  ၆၀၀၀၀ လောက်  နေစရာမဲ့ဖြစ်ခဲ့ပေမဲ့ လူ ၂၀၀၀၀ လောက် နေအိမ်တွေကို ပြန်သွားကြပြီဖြစ်ပြီး လူပေါင်း ၄၀၀၀၀ လောက်ကတော့ ဘုန်းကြီးကျောင်းတွေ၊ စေတီဘုရားတွေနဲ့ စာသင်ကျောင်းတွေမှာရှိတဲ့ အဆောက်အဦတွေမှာ ခိုလှုံနေကြဆဲပဲလို့လည်း သိရပါတယ်။

အခုရက်ပိုင်းအတွင်း မိုးသည်းထန် ရေကြီးရေလျှံမှုကြောင့် နိုင်ငံအနှံ့ပြားရှိ  လူပေါင်း ၄၅,၀၀၀ ကျော်မှာ ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေရပြီး ရေဘေးသင့်ပြည်သူတွေအတွက် တနိုင်ငံလုံးမှာ ကယ်ဆယ်ရေးစခန်း ၁၀၉ ခု ဖွင့်လှစ်ဆောင်ရွက်ပေးနေတယ်လို့   ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေစင်ဦးက တရုတ် ဆင်ဟွာသတင်းဌာနကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု ၂,၁၄၆ စုမှ လူဦးရေ ၁၀,၀၀၀ ကျော်၊ ကရင်ပြည်နယ်မှာ, လူဦးရေ ၁၈,၀၀၀ ကျော်၊ ပဲခူးတိုင်းမှာ အိမ်ထောင်စု ၂၉၇၃ စုမှ လူဦးရေ ၁၂,၄၆၁ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီးဖြစ်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ရေကြီးမှုကြောင့် ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ထဲက ရေနစ်မြုပ်တဲ့  အခြေခံပညာ စာသင်ကျောင်းတွေလည်း ပိတ်ထားခဲ့ရပါတယ်။

ဩဂုတ် ၁၃ ရက်မနက်ကလည်း ပဲခူးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေ မြင့်တက်လာလို့ ဇိုင်းဂနိုင်းတောင်/မြောက်ရပ်ကွက်၊ ကျွန်းသာယာရပ်ကွက်၊ မဇင်းရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်၊ မြို့သစ် (ဂ) ရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ဉဿာ(၇) ရပ်ကွက်၊ ဉဿာ(၉)ရပ်ကွက်၊ ကလျာဏီ ရပ်ကွက်၊ ဘုရားကြီးမြို့ ရွှေပြည်အေးကျေးရွာ၊ ပဲခူးမြို့ ကလိကျေးရွာ၊ အဝိုင်းကျေးရွာ၊ မုန်တိုင်းကျေးရွာ၊ တာဝဘူတာကျေးရွာရှိ နေအိမ်တွေထဲကို ရေတွေဝင်ရောက်နေတယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်မှာတော့  မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သြဂုတ် ၇ ရက်က မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး လမ်းပိုင်းတစ်ပိုင်း ပြိုကျကာ  လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုတွေလည်း ပြတ်တောက် ကုန်ဈေးနှုန်းမြင့်တင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိအချိန်မှာတော့ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့မှာ စိုးရိမ်ရေမှတ် ကျော်လွန်နေသလို  သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး  စစ်တောင်းမြစ်ရေဟာလည်း  မဒေါက်မြို့မှာ စိုးရိမ်ရေမှတ် ကျော်လွန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013