Home
မြန်မာသတင်း
ဝက်လက်မြို့နယ် ပေါက်ကန်ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ၊ ပြည်သူ ၄ ဦး ဒဏ်ရာရ
DVB
·
August 14, 2023

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၊ ပေါက်ကန်ရွာကို ဩဂုတ် ၁၃ ရက် ညနေ ၄ နာရီကျော်လောက်မှာ  စစ်ကောင်စီက  လေယာဉ် ၂ စီးနဲ့ လာရောက်ပစ်ခတ်ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၄ ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက မန္တလေးတိုင်းနဲ့ စစ်ကိုင်းနယ်စပ်မြို့နယ်တွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး ပြည်သူပိုင်ရိက္ခာနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို လုယူနေတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။ 

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပေါက်ကန်ရွာ အထကကျောင်းအနီးမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ဗုံးစထိမှန်ဒဏ်ရာရခဲ့ပါတယ်။ ဗုံးဒဏ်ကြောင့် အထကစာသင်ကျောင်းဆောင်ပျက်စီးခဲ့ပြီး စာသင်ကျောင်းအရှေ့ဘက် လူနေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာ PDF အဖွဲ့မှ ဦးတိုးက "ပေါက်ကံရွာကို ကြဲသွားတာ၊ မြေပြင်သတင်းအခြေအနေအရ ပေါက်ကံရွာတောင်ပိုင်း တော်တော်လေးထိသွားတယ် လို့သိရတယ်။ ကြဲသွားတာက စစ် (-) တွေ နောက်ဆုံးဝယ်ထားတဲ့ လေယာဉ်အမျိုးအစား ၂ စီး၊ ပထမတစီးက ၂ ပတ်ကြဲတယ်၊ ပြီးတော့ အရှေ့ဘက်ကို ထွက်သွားတယ်။ နောက်တစီးထပ်ရောက်လာပြီးတော့ ၂ ပတ်ထပ်ကြဲတယ်၊ အရှေ့ဘက်ကို ထွက်သွားတယ်။ ကျနော်ကိုယ်တိုင်လည်းပဲ ဒဏ်ရာတချက် နည်းနည်းရတယ်။ ဒါပေမယ့် ဒီဥစ္စာကတော့ ဝပ်လိုက်တဲ့အခါမှာ အောက်ကလျှောက်လမ်းနဲ့ ပွတ်ပြီးတော့ ရတဲ့ဒဏ်ရာပါ။ အဲ့လိုအဝပ်ကောင်းလို့လည်း မထိသွားတာလည်းပါတာပေါ့။ ဗုံးကြဲတယ် Pressure သဘော၊ Pressure လို့ ယူဆရတဲ့ ဗုံးသီးပါတယ်၊ အောက်မှာထပ်ပြီးတော့ ဆင့်ပွားကွဲတာတွေရှိတယ်၊ အသံအကြီးကြီးကွဲတာရှိတယ်၊ အောက်မှာ ဆင့်ပွားကွဲတာရှိတယ်" လို့ ပြောပါတယ်။ 

ရွှေဘိုခရိုင် PDF တပ်ရင်း ၁၈ မှ ကိုစွန်ရဲက "မြေပြင်မှာ ဒဏ်ရာရတဲ့သူက အခုအထိ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးပေါ့။ စစ်ရေးပစ်မှတ်မဟုတ်ဘဲနဲ့ ဒီလောက်ကြီး ပြည်သူကို အနိုင်ကျင့်သတ်ဖြတ်နေတဲ့ အနေအထားတခုပေါ့။ တချို့တွေက ဪပစ်သွားတာလို့ပဲ ဒီလိုပဲ မြင်ကောင်းမြင်နိုင်တယ်၊ လက်ရှိအနေအထားအရ မြေပြင်မှာ တကယ်တမ်း ကြုံတွေ့နေရတဲ့ အခက်အခဲအနေအထားတွေကြည့်လိုက်ရင် အင်မတန်မှ ရင်နာစရာကောင်းတဲ့ အနေအထားတွေပေါ့လေ" လို့ ပြောပါတယ်။

ဩဂုတ် ၁၃ ရက်နေ့မှာ ပေါက်ကန်ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ပစ်ခတ်သလို ဝက်လက်နယ်၊ ငါးပတ်ချောင်းရွာကို စစ်ကြောင်းထိုး မီးရှို့တာတွေ ပြုလုပ်ခဲ့ပါတယ်။ ပြည်သူတွေစု ဆောင်းထားတဲ့ ရိက္ခာတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုလည်း လုယူသယ်ဆောင်သွားတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

ဝက်လက် LPDF အဖွဲ့မှ ဗိုလ်ကျားကြီးက "လက်နက်ခဲယမ်းလာပို့ပြီးတော့ လူချင်းချိန်းသွားတဲ့စစ်ကြောင်းဗျ။ ထုံးကြီးဘက်ကဆင်းလာတဲ့စစ်ကြောင်း ရှိန်းမကားမှာ လူချင်းချိန်းသွားတယ်၊ ၃ နာရီခွဲလောက်မှာ ငါးပတ်ချောင်းရွာထဲဝင်ပြီး တခါတည်းမီးရှို့တယ်ဗျ။ တော်တော်လေးကြာ စောင့်ပြုပြီးတော့ သံခွန်နဲ့ ရွာသာရွာ ပျူရွာဘက်ပြန်ဆုတ်သွားပြီ။ အင်အား ၄၀ ကျော် ၅၀ ဝန်းကျင်ပဲဗျ။ ရှိန်းမကားရဲစခန်းကထွက်လာပြီး ငါးပတ်ချောင်းရွာဘက်တက်တော့ လက်နက်ကြီး လက်နက်ငယ်နဲ့ အတင်းပစ် အတင်းဝင်ပြီးတော့ တခါတည်းတန်းရှို့တာ၊ သယ်တဲ့သူက သယ်ပေါ့၊ တလကြမ်း သယ်လိုက် ရှို့လိုက်လုပ်ပြီးတော့ တခါတည်းပြန်ဆုတ်သွားတယ်" လို့ ပြောပါတယ်။

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းနယ်စပ် စစ်ဘေးရှောင်ပြည်သူတွေစုဝေးနေတဲ့ စစ်ကိုင်းနယ်၊ တလိုင်းရွာ ကံဦးဘုန်းတော်ကြီးကျောင်းကို ဩဂုတ် ၁၁ ရက် မနက် ၄နာရီဝန်းကျင်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ အင်အားပြင်း ဗုံးသီးတလုံးကြဲချခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူတချို့ ထိခိုက်သေဆုံးခဲ့ပါတယ်။ 

စစ်ကောင်စီက ပဇီကြီးကျေးရွာကိုလည်း အင်အားပြင်းဗုံးကြဲချခဲ့သလို တလိုင်းရွာ စစ်ဘေးသင့်ပြည်သူတွေနေထိုင်ရာ ကံဦးဘုန်းတော်ကြီးကျောင်းကို ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

မန္တလေးနဲ့ စစ်ကိုင်းနယ်စပ်မှာ တောတောင်ကောင်းတာကြောင့် PDF ပူးပေါင်းအဖွဲ့တွေ ခိုလှုံနေတယ်လို့ယူဆပြီး အဲ့ဒီနယ်ကို စစ်ကောင်စီက ဖိအားပေးတိုက်ခိုက်နေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024