
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအားကစားကွင်းနားမှာရှိတဲ့ Sky ကွန်ဒို ဆောက်လက်စ ၁၀ လွှာကနေ ဩဂုတ် ၁၂ ရက် ညနေပိုင်းက အမျိုးသား ၁ ယောက် ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သေဆုံးသူဟာ အဲဒီကွန်ဒိုက အသက် ၃၂ နှစ်အရွယ် ဆောက်လုပ်ရေးဝန်ထမ်း ဖြစ်တယ်လို့ သိရပြီး ညနေ ၆ နာရီ ၁၀ မိနစ်လောက်မှာ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။
သူဟာ ၁၀ လွှာအမြင့်မှာ အလုပ်လုပ်ကိုင်နေခဲ့ပြီး အဲဒီညနေအလုပ်ပြန်ချိန်မှာ ၁၀ လွှာကနေ ၃ လွှာအထိ ပြုတ်ကျခဲ့ရာက ပွဲချင်းပြီးသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
မြို့ခံကယ်ဆယ်ရေးအသင်းတာဝန်ရှိသူက “အောင်ဆုပန်နားက ကွန်ဒို ၁၀ လွှာကနေ ၃ လွှာကို ပြုတ်ကျတာ၊ အမျိုးသား ၁ ဦး၊ အသက်က ၃၂ နှစ်၊ တိုက်အတွင်းထဲကပါပဲ၊ ညနေအလုပ်ဆင်းပြန်ရင်း ပြုတ်ကျတာ လို့ ပြောတယ်၊ တိုက်က ဆောက်လက်စပါ” လို့ ဆိုပါတယ်။
သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရဖို့လုပ်ဆောင်နေတယ်လို့ သိရပြီး Medical လူငယ်များအသင်းကားနဲ့ ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံ၊ ရင်ခွဲဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၂ ရက်မှာပဲ ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဆောက်လက်စတိုက် ပြိုကျခဲ့တာကြောင့် ဆောက်လုပ်ရေးဝန်ထမ်းအမျိုးသား ၁ ယောက် သေဆုံးပြီး အမျိုးသား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။











