
၂၀၂၃ ဂျာမန်စူပါဖလားကို သြဂုတ် ၁၂ ရက်ညက မြူးနစ်မြို့ရှိ ဘိုင်ယန်မြူးနစ်ကွင်းမှာ ယှဥ်ပြိုင် ကစားခဲ့ရာ လိုက်ဇစ်အသင်းက အိမ်ရှင် ဘိုင်ယန်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ဗိုလ်ဆွဲခဲ့ပါတယ်။
လိုက်ဇစ်အသင်းအတွက် သွင်းဂိုး ၃ ဂိုးကို ဒန်နီအိုလ်မိုလ် တဦးထဲက ပွဲချိန် ၃ မိနစ်၊ ၄၄ မိနစ်နဲ့ ၆၈မိနစ်တို့မှာ ဟက်ထရစ် သွင်းယူခဲ့ပါတယ်။
လိုက်ဇစ်အသင်းဟာ ဂျာမန်စူပါဖလားကို ပထမဆုံးအနေဖြင့်ရရှိခဲ့တာဖြစ်ပြီး ၂၀၂၂ ဂျာမန်စူပါ ဖလား ဗိုလ်လုပွဲ ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပါတယ်။
ယခုပွဲမှာ ဘိုင်ယန်ကစားသမားအသစ် ဟယ်ရီကိန်းက ဒုတိယပိုင်းတွင် လူစားဝင်ကစားသမား အဖြစ် ဝင်ကစားခဲ့ပေမယ့် ထင်သလောက် ခြေစွမ်းပြနိုင်ခြင်း မရှိပါဘူး။
ဂျာမန်စူပါဖလားကို ၁၉၈၇ ခုနှစ်က စတင်ယှဥ်ပြိုင်ကစားခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံ ၁၀ ကြိမ်နဲ့အများဆုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။










