
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှီအန်းမြို့မှာ ရွှံ့မြေပြိုမှုနဲ့ ရေကြီးမှုတွေကြောင့် လူ ၂ ဦး သေဆုံးကာ နောက်ထပ် ၁၆ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သြဂုတ်လ ၁၂ ရက် နိုင်ငံပိုင်ရုပ်သံ စီစီတီဗီသတင်း ဖော်ပြချက်အရ သိရပါတယ်။
တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီ ဝင်ရောက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံရဲ့ နေရာအနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးမှုတွေကြောင့် လူအသေအပျောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒီမုန်တိုင်းဟာ တရုတ်တောင်ပိုင်း ပြည်နယ်တစ်ခုဖြစ်တဲ့ ဖျူကျန်းရဲ့ ကုန်းတွင်းပိုင်းကို လွန်ခဲ့တဲ့ သတင်းသုံးပတ်နီးပါးတုန်းက ၀င်ရောက်တိုက်ခတ်ခဲ့တာပါ။
တရုတ်အရှေ့မြောက်ပိုင်း မြို့တစ်ခုဖြစ်တဲ့ ဒုံးနင်းမှာတော့ ရေကြီးမှုဆိုင်ရာ ပထမအကြိမ် အချက်ပြမှုအရ တာရိုးတွေနဲ့အတူ အခိုင်အမာ ကာကွယ်နိုင်ဖို့ ကြိုးပမ်းနေတာကို တွေ့ရပါတယ်။
ဒါ့အပြင် အဆိုးရွားဆုံး ရေဘေးဒဏ်သင့် မြို့ကြီးတွေထဲက တစ်ခုဖြစ်တဲ့ ဂျူးကျိုးမှာဆိုရင် ရွှံနွံတွေအပြည့်နဲ့ စာသင်းခန်းတွေကို ဆရာ၊ ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်းတွေက ရှင်းလင်း နေကြပြီ ဖြစ်ပါတယ်။
ဒါမှသာ စာသင်ကျောင်းတွေ ပြန်ဖွင့်မယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ သင်ကြားရေးပိုင်းကို ပြန်လည် စတင်နိုင်မှာ ဖြစ်တယ်လို့ စီစီတီဗီ သတင်းမှာ ဖော်ပြပါတယ်။
Source-Reuters











