
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က မောင်တော-အငူမော်ကားလမ်းပိုင်းတချို့ ဆိုးဆိုးဝါးဝါးပျက်စီးနေတာကြောင့် ငါးမြစ်ချင်းအပါအဝင် ကုန်စည်တွေကို ဘူးသီးတောင်မြို့နယ်ကနေ ဇက်သင်္ဘောနဲ့ ပို့နေရတယ်လို့ ကုန်သည်ကြီးတွေက ပြောပါတယ်။
ငါးမြစ်ချင်းကုန်သည်တယောက်က "မောင်တော ၃ မိုင် ဝေသာလီ-ဥဒေါင်းလမ်းက ငါးမြစ်ချင်း ကုန်ကားကြီးတွေ သွားမရလို့ ၂ ည အိပ်ခဲ့ကြရတယ်။ ၂ ညဆိုတော့ ငါးတွေ ပျက်စီးသွားတာတွေရှိတယ်။ ငါးမြစ်ချင်းကားတွေ သွားလာရတာ အန္တရာယ်များနေတယ်။ အလယ်သံကျော်လမ်းတွေဘက်ကလည်း ကုန်တန်ချိန်မြင့်တဲ့ ငါးမြစ်ချင်းကားတွေ သွားလာရတာခက်ခဲပြီး အန္တရာယ်များစွာတွေ့နေတယ်ဗျ။ ငါးမြစ်ချင်းငါးတွေက အချိန် နဲ့တပြေးညီ ပို့နေကြရတာလေ။ အချိန်ကြန့်ကြာလာရင် ငါးတွေပျက်စီးသွားမှာ။ အဲဒါကြောင့် ဘူးသီးတောင်ဘက်ကနေ ဇက်ကိုသွားခိုင်းပြီး ဘူးသီးတောင်-မောင်တောလမ်းကနေ သယ်ယူနေကြရတယ်" လို့ ပြောပါတယ်။
ဝေသာလီ-ဥဒေါင်း ၁၃ မိုင်ကားလမ်းပိုင်းဟာ မိုးရာသီမှာ တော်တော်ပျက်စီးနေပြီး တန်ချိန်အများကြီး တင်ဆောင်လာတဲ့ အအေးခန်းပါ ငါးမြစ်ချင်းကားတွေ လမ်းမှာ ဘီးနစ်မြုပ်လို့ ညအိပ်ကြရတဲ့အခါ ငါးတွေပျက်စီးတတ်တယ်လို့ သိရပါတယ်။
ကုန်သည်တယောက်က "ရန်ကုန်-တောင်ကုတ်-စစ်တွေက တင်ပို့လို့ လုံးဝ အဆင်မပြေဘူးလေ။ ဘာလို့လည်းဆိုတော့ ငါးမြစ်ချင်းက ကုန်စိမ်းလေ။ အချိန်ကြာတဲ့ လမ်းကြောင်းတွေက တင်ပို့လို့ အဆင်မပြေဘူး။ မောင်တောကဆိုတော့ အချိန်တိုနဲ့ တင်ပို့နိုင်တယ်။ လိုအပ်ရင် ရေခဲထပ်ရိုက်လို့အဆင်ပြေတယ်။ အဲဒါကြောင့် ငါးမြစ်ချင်းငါးတွေကို အချိန်တိုအတွင်းရောက်နိုင်တဲ့ မောင်တော နယ်စပ် ကုန်သွယ်ရေးလမ်းက ဘင်္ဂလားကို အဓိက တင်ပို့နေကြရတာ" လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကနေ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သြဂုတ် ၁ ရက်နေ့ကနေ ၈ ရက်နေ့အထိ ငါးမြစ်ချင်းတန်ချိန် ၁၀၀ လောက် တင်ပို့ထားနိုင်တယ်လို့ နယ်စပ်ကုန်သည်ကြီးတွေဆီက သိရပါတယ်။
အခုလို လမ်းပျက်နေတာကြောင့် အလယ်သံကျော်ကားလမ်းဟောင်းကနေ လူစီးကားတွေနဲ့ ကုန်တင်ကားတွေ သွားလာနေကြပေမယ့် ငါးမြစ်ချင်းကားကြီးတွေ အတွက်ကတော့ တိမ်းမှောက်နိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် ဘူးသီးတောင်ဘက်ကို ဇက်ရေယာဉ်နဲ့ တင်ပို့နေကြရတာလည်းဖြစ်ပါတယ်။
ဝေသာလီ-ဥဒေါင်းသွား ၁၃ မိုင် ကားလမ်းဟာ လမ်းအကျယ် ၁၂ ပေပဲရှိပြီး တဖက်နဲ့ တဖက် ရှောင်တိမ်းနိုင်ဖို့ မလွယ်ကူသလို လမ်းကလည်း နှစ်တိုင်းပျက်နေတာပါ။
အဲဒီလမ်းကို ၂၀၂၃ ခုနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံကနေ ငွေကျပ် သိန်း ၁၅၀ ကျော်နဲ့ ကွန်ကရစ်လမ်းအဖြစ် ပြန်လည်ပြုပြင်ခဲ့ကြပေမက် ဒီနေ့အထိ ကုန်တင်ကားတွေ သွားလာရခက်ခဲနေဆဲဖြစ်ပါတယ်။
စစ်တွေ ကုန်သွယ်ရေးစခန်းနဲ့ မောင်တော ကုန်သွယ်ရေးစခန်းတို့ကနေ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်နေပြီး ၂၀၂၃ ခုနှစ် ဧပြီကနေ ဇူလိုင်လအထိ ၄ လ တာ ကာလအတွင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၅ သန်းဖိုး ကုန်သွယ်ခဲ့ပြီး ပို့ကုန် ဒေါ်လာ ၃ ဒသမ ၅၇ သန်း နဲ့ သွင်းကုန် ဒေါ်လာ ၀ ဒသမ ၈၈ သန်း ရှိတယ်လို့ ရခိုင်ပြည်နယ်၊ ကုန်သည်စက်မှုအသင်းရဲ့ အချက်အလက်တွေအရ သိရပါတယ်။










