
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ပင်းတယနဲ့ ရွာငံမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်နွှယ်တဲ့လို့ စွပ်စွဲပြီး အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ သတ်ဖြတ်ခံရသူ အရပ်သား ၄၀ ကျော်ရှိပြီလို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ခွဲကျော် ကာလအတွင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းမှာ စစ်ကောင်စီတပ်က အရပ် သားပြည်သူ အယောက် ၄၀ ကျော်ကို သတ်ဖြတ်ခဲ့သလို ပြည်သူ့နေအိမ် ၅၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် အလုံး ၂၀ ကျော်ကို ချိပ်ပိတ်ခဲ့ပါတယ်။
ဒေသခံတယောက်က “စစ်တပ်က အာဏာသိမ်းပြီးနောက်ပေါ့နော်။ ဓနုဒေသမှာ စစ်တပ်ကသတ်ဖြတ်လို့ သေဆုံးတဲ့ အရပ်သားပြည်သူ ၄၀ ကျော်ရှိနေပြီပေါ့နော်၊ ဒါက ကျနော်တို့ လက်လှမ်းမီသလောက် မှတ်တမ်းတွေအရ ပြောတာပေါ့နော်။ ဒီထက် ပိုနိုင်ဖို့ပဲရှိတယ်။ ပဲအင်း တောင်ရွာဆိုရင် ကျနော်တို့ အတည်ပြုနိုင်တဲ့ အလောင်းက ၁၃ လောင်းရှိတယ်။ ကျန်တာနဲ့ဆို အဲဒီ တရွာတည်းမှာကို သတ်ဖြတ်ခံရတဲ့သူ အယောက် ၂၀ လောက်ရှိတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ခံ NLD လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုရေး လုပ်ဆောင်နေသူတွေ၊ NLD ပါတီဝင်တွေ၊ ဒေသဖွံ့ဖြိုးရေးလုပ်နေတဲ့ လူငယ်လူရွယ်တွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
ဒေသခံတယောက်က “ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေတယ်။ လတ်တလော ဖမ်းဆီးတာကတော့ ပြီးခဲ့တဲ့ ၂၈ ရက်နေ့ကနေ စပြီး ဒီနေ့ထိပေါ့။ ပင်းတယ၊ ရွာငံ၊ ရပ်စောက်နယ်ထဲမှာ ဖမ်းဆီးတာရှိတယ်။ တချို့လည်း ပြန်လွှတ်တာရှိတယ်။ အခုလက်ရှိ ကြားထဲမှာပေါ့ ပင်းတယက အများဆုံးဖြစ်နေတယ်” လို့ ဆိုပါတယ်။
ဓနုဒေသက ဖမ်းဆီးခံရသူဦးရေကို အတိကျစာရင်းပြုစုထားတာတော့ မရှိသေးပါဘူး။ သူတို့တွေကို စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးတာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ၂ နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီတပ်ဟာ ပြည်သူလူထုတွေရဲ့ နေအိမ်တွေ၊ သာသနိက အဆောက်အဦတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးပေးခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာဆိုရင် အဆောက်အအုံ ၈၂၀၀၀ ဝန်းကျင်ရှိပြီလို့ ISP- Myanmar ရဲ့ အချက်အလက်တွေက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က သတ်ဖြတ်လို့ သေဆုံးသူအရပ်သား ၃၉၁၉ ယောက် ရှိပြီဖြစ်ပါတယ်။
ဖမ်းဆီးခံရသူဦးရေကတော့ ၂၄၂၄၆ ယောက်ရှိပြီး အဲဒီထဲက အယောက် ၁၉၇၄၀ ကတော့ ထိန်းသိမ်းခံထားဆဲ့ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့(AAPP)က သြဂုတ် ၁၁ ရက်နေ့က ထုတ်ပြန်ပါတယ်။










