
တက်စလာကုမ္ပဏီပိုင်ရှင် အီလွန်မက်စ်ဟာ ရှေးခတ်ရောမ အပြင်အဆင်နဲ့ ရံပုံငွေရှာဖွေရေး ပွဲတစ်ခုကျင်းပဖို့အတွက် အီတလီယဉ်ကျေးမှုဝန်ကြီးနဲ့ စကားပြောဆိုခဲ့ပြီး ဖြစ်တယ်လို့ အတည်ပြုပါတယ်။
မတ်တာ (Meta) ကုမ္ပဏီရဲ့ စီးအီးအိုဖြစ်သူ မက်ခ်ဇက်ကာဘတ် နဲ့ တိုက်ခိုက်ရေးပွဲကို "ကြီးကျယ်ခမ်းနားတဲ့ နေရာတစ်ခု" မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ အမေရိကန် စွန်ဦးတီထွင်သူက ပြောကြားပါတယ်။
အီတလီနိုင်ငံရဲ့ ဝန်ကြီးဖြစ်သူကတော့ ဒီပွဲကို မြို့တော်နေရာမှာ ကျင်းပမှာ မဟုတ်ဘူးလို့ မှတ်ချက်ပေးပါတယ်။
နည်းပညာကုမ္ပဏီကြီးတွေရဲ့ ပိုင်ရှင် ၂ ဦးကြားက ဒီတိုက်ခိုက်ရေးပွဲကို ဘယ်လိုပုံစံနဲ့ ကျင်းပမယ် ဒါမှမဟုတ် ဘယ်အချိန်မှာ ပြုလုပ်မယ် ဆိုတာမျိုး မသတ်မှတ်ရသေးတာကြောင့် မသေချာ၊ မရေရာမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ဇွန်လကတည်းက သံဇကာကွင်းမှာ သိုင်းပေါင်းစုံ ကိုယ်ခံပညာ - MMA အတိုင်း ယှဉ်ပြိုင်ဖို့နဲ့ ပတ်သက်ပြီး မက်စ် နဲ့ ဇက်ကာဘတ် အကြား အပြန်အလှန် စကားစစ်ထိုးနေခဲ့တာပါ။
ရောမမြို့ရဲ့ ကိုလော့ဆီယမ် (Colosseum) သမိုင်းဝင်ကွင်းကြီးထဲမှာ ဒီပွဲကိုကျင်းပသွားမယ်လို့ မက်စ် ကိုယ်တိုင် ပြောခဲ့ဖူးပေမယ့်လည်း အစိုးရဘက်က ပယ်ချခဲ့ပါတယ်။
အရင်က တွစ်တာလို့ သိထားကြတဲ့ အိတ်စ် (X) ဆိုရှယ်မီဒီယာနဲ့အတူ မတ်တာ (Meta) ပလက်ဖောင်း ၂ ခုစလုံးမှာ ဒီတိုက်ခိုက်ရေးပွဲကို တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်တယ်လို့ မက်စ်က ရေးသားထား ပါတယ်။
ဒါ့အပြင် မက်စ်က " UFC အနေနဲ့ ဒီပွဲကို စီစဉ်ကျင်းပသွားမှာ မဟုတ်ဘဲ ကျွန်တော်နဲ့ ဇက်တို့ရဲ့ ဖောင်းဒေရှင်းတွေ ကသာ တာဝန်ယူသွားမှာ ဖြစ်တယ်လို့ " ဖြည့်စွက်ပြောပါတယ်။
Source-Reuters











