
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ ဩဂုတ် ၁၁ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်လာပြီး ရွာတရွာကို မီးရှို့ခဲ့သလို ရွာ ၁၁ ရွာက ဒေသခံ တသောင်းကျော် စစ်ရှောင်နေရပါတယ်။
သပိတ်ကျင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်စစ်ကြောင်း အင်အား ၈၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဇူလိုင် ၂၉ ရက်နေ့က စတင်ပြီး ဒေသခံတွေ တိမ်းရှောင်နေရတာပါ။
ဝါးပိုးရုံရွာကို ဩဂုတ် ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ဝင်လာပြီး ထပ်မံမီးရှို့ခဲ့ပေမယ့် စစ်ကြောင်းက အနီးရွာတွေမှာရှိနေတာကြောင့် မီးလောင်ပျက်စီးမှု အခြေအနေကို မသိရသေးပါဘူး။
သပိတ်ကျင်းမြို့နယ်ထဲက မင်းကုန်း၊ ဆယ်ဇင်းကုန်း၊ လက်ပန်ကုန်း၊ ကျောက်အိုက်နဲ့ ဝါးပိုးရုံရွာတို့ကို စစ်ကောင်စီတပ်တွေက မီးရှို့ထားပြီး ကျေးရွာ ၁၁ ရွာက ဒေသခံ တသောင်းကျော် စစ်ရှောင်နေရတာပါ။
သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်ကြောင်းတွေရှိနေပြီး ဒေသခံတွေလည်း စစ်ရှောင်နေရတုန်းဖြစ်တာကြောင့် မီးလောင်ပျက်စီးသွားတဲ့ စာရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။
ဒါ့အပြင် စစ်ဘေးရှောင်တွေဟာ အခု ရာသီတုပ်ကွေးဖြစ်နေကြလို့ ဆေးဝါးအကူညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလို အပ်နေတာလို့ သပိတ်ကျင်းမြို့နယ် ပကဖ တာဝန်ရှိသူကဆိုပါတယ်။
"တုပ်ကွေးဖြစ်တဲ့လူတွေရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ပါတယ်။ အခုတော့ ရှိတဲ့ဆေးဝါးနဲ့ အဆင်ပြေအောင် ကုသပေးထားပါတယ်။ ရေရှည်တော့မလွယ်ပါ" လို့ ပြောပါတယ်။
စစ်ရှောင်နေရတာကြောင့် ချောင်းရေကိုပဲ သောက်သုံးရေအဖြစ်သုံးစွဲနေရပြီး ရေသန့်မရနိုင်လို့ ဝမ်းရောဂါတွေကိုလည်း စိုးရိမ်ရတယ်လို့ သိရပါတယ်။