
ဟာဝိုင်ယီကျွန်းစုထဲက မောက်အီကျွန်းပေါ်ရှိ လာ့ဟိုင်းနားမြို့ကို ဖြတ်သန်းလောင်ကျွမ်းတဲ့ တောမီး ကနေ လွတ်မြောက်ဖို့ ပင်လယ်ထဲ ခုန်ချပြေးသူတွေထဲက လူ ၁၇ ယောက်ကို ဟာဝိုင်ယီ ရေပြင်ကနေ ကယ်ဆယ်ခဲ့ကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့က ဩဂုတ် ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
အင်္ဂါနေ့ညနေပိုင်းက ၄၅ ပေရှည်တဲ့ အလတ်စား တုံ့ပြန်ကူညီရေးလှေရဲ့ အမှုထမ်းတွေက အခင်းဖြစ်ပွားရာနေရာကို ရောက်သွားပြီးတော့ လာ့ဟိုင်းနား ဆိပ်ကမ်းအနီးတစ်ဝိုက် ရေပြင်ကနေ လူ ၁၇ ယောက်ကို ကယ်ထုတ်ခဲ့ပြီး အသက်ရှင် ကျန်ရစ်သူ အားလုံးကလည်း အခြေအနေ တည်ငြိမ်နေကြောင်း သိရတယ်လို့ ကမ်းခြေစောင့်တပ်မှူး အဂျာ ကာ့က်ဆီးက ပြောပါတယ်။
“အဲဒီညက လာ့ဟိုင်းနားကို တိုက်ခတ်ခဲ့တဲ့ လေတိုက်နှုန်းက တနာရီကို မိုင် ၆၀ လောက်အထိ တိုက်ခတ်နေခဲ့ပြီးတော့ ရေပြင်အနီးမှာလည်း မီးလောင်နေတာနဲ့ မီးခိုးငွေ့တွေ ထွက်နေတာကြောင့် ကယ်ဆယ်ရေးလုပ်နေချိန်အတွင်းမှာ ကယ်ဆယ်ဖို့ လိုအပ်နေသူတွေကို မြင်ရဖို့လဲ ခက်ခဲခဲ့တယ်” လို့လည်း ဆိုပါတယ်။
မောက်အီဆိပ်ကမ်းကနေ ကယ်ဆယ်ရေးလှေငယ်တွေနဲ့ စေလွှတ်လိုက်ရတဲ့ ဝန်ထမ်းတွေရဲ့ အခြေအနေနဲ့ လွှတ်တင်ထားတဲ့ ကယ်ဆယ်ရေးရဟတ်ယာဉ်တွေကလည်း မီးခိုးတွေကြားကနေ ဖြတ်ပြီး မီးလောင်တဲ့နေရာကို မြင်နိုင်ဖို့ဟာ တကယ့်ကို စိန်ခေါ်တဲ့အခြေအနေဖြစ်ပြီးတော့ အဆိုးရွားဆုံး လောင်ကျွမ်းနေတဲ့ မီးရဲ့အနီးအနားကိုတောင် မချဉ်းကပ်နိုင်ဘူး လို့လည်း ကမ်းခြေစောင့်တပ်မှူးက ပြောပြပါတယ်။
ဟာဝိုင်အီအာဏာပိုင်တွေဟာ အနည်းဆုံး လူ ၆၇ ဦး သေဆုံးပြီး သမိုင်းဝင် အပန်းဖြေမြို့လဲ ပြာကျတဲ့အထိ အရှိန်ပြင်းပြင်း ဆိုးဆိုးရွားရွား တောမီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို သောကြာနေ့မှာ အဖြေရှာ ဆုံးဖြတ်ဖို့ ကြိုးစားဆဲဖြစ်ပါတယ်။
အလောင်းရှာဖွေရေး ကျွမ်းကျင်တဲ့ ကဒဲဗာခွေးတွေရဲ့ အကူအညီနဲ့ မြို့တွင်းရှိ မီးလောင်ကျွမ်းနေတဲ့ အကြွင်းအကျန်တွေကို ရှာဖွေရေးအဖွဲ့များက လိုက်ရှာနေခြင်းကြောင့် သေဆုံးသူဦးရေ တိုးလာဖွယ် ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်မှုကြောင့် အဆောက်အအုံပေါင်း ၁၀၀၀ လောက် မီးလောင်ခဲ့ပြီးတော့ ထောင်နဲ့ချီတဲ့ လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရပြီးနောက်မှာ ပြည်နယ်သမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေး အန္တရာယ် ဖြစ်ကြောင်း မှတ်တမ်းဝင်သွားပါတယ်။
Source-Reuters











