
ချီလီနိုင်ငံရှိ အကျင့်ပျက်ခြစားမှု အမှုတွေကို ရှုတ်ချဖို့နဲ့ အာဏာရှင်ဟောင်း ဩဂတ်စ်တို ပီးနိုရှေးကို ထောက်ခံကြောင်း ပြသဖို့အတွက် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူ တစုဟာ သြဂုတ် ၁၁ ရက်က ဆန်တီယာဂိုမြို့တော်ရှိ လာမိုနေးဒါ သမ္မတအိမ်တော်ရှေ့မှာ စုရုံးခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို မျိုးချစ်အသင်းအဖွဲ့ခေါင်းဆောင် ဖှရန်စစ္စ်ကို မူနော့ဇ်မှ ဦးဆောင်ခဲ့တာဖြစ်ပြီး ပန်ချိုမာလို လို့လည်း လူသိများတဲ့ မူနော့ဇ်က ၁၉၇၃ ခုနှစ်တုန်းက လက်ဝဲယိမ်း ဆဲလ်ဗဒိုး အိုင်းယန်ဒေရဲ့ အစိုးရကို ဆန့်ကျင်တဲ့ အာဏာသိမ်းမှုအကြောင်းကို ဆန္ဒပြသူတွေကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
“၁၉၇၃ ခုနှစ် သြဂုတ် ၂၀ ရက်တုန်းက ဆဲလ်ဗဒိုး အိုင်းယန်ဒေ အစိုးရကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ကြေညာလိုက်တဲ့အခါ ၁၉၇၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ လက်နက်ကိုင် တပ်ဖွဲ့ တွေနဲ့ ချီလီနိုင်ငံရဲ့ ကာရာဘီနဲရီ အရံတပ်ဖွဲ့တို့ဟာ လူထုတောင်းဆိုမှု များတဲ့ ကြွေးကြော်သံကို အခြေပြုပြီး လုပ်ဆောင်ခဲ့ကြတယ်”လို့ ပြောပါတယ်။
မျိုးချစ်အသင်းလှုပ်ရှားမှုအဖွဲ့မှ အဖွဲ့ဝင်တွေဟာ သမ္မတ ဂါဘရီရယ် ဘောရစ်ကို ဆန့်ကျင်ပြီး သူ့အစိုးရကို နုတ်ထွက်ပေးဖို့ တောင်းဆိုထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်မြှောက်ကာ ကြွေးကြော်သံတွေကို ရွတ်ဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ အစိုးရရှေ့နေရုံးက စုံစမ်းစစ်ဆေးနေတဲ့ ပုဂ္ဂလိကဖောင်ဒေးရှင်းကို အိုးအိမ်ဝန်ကြီး ဌာနကနေ ငွေလွှဲတဲ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း ရှုတ်ချခဲ့ကြပါတယ်။
Source-Reuters











