DVB Logo
Home
မြန်မာသတင်း
ယင်းမာပင်တွင် PDF က စစ်တပ်ကို နေ့စဉ်ရက်ဆက် ကြားဖြတ်တိုက်ခိုက်နေ
သုတချမ်းသာ
·
May 15, 2026
ဆားလင်းကြီးနယ်က စစ်ရှောင်ပြည်သူများ။ (Photo: စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)
ဆားလင်းကြီးနယ်က စစ်ရှောင်ပြည်သူများ။ (Photo: စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်)
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တွေက စစ်အာဏာရှင်တပ်တွေကို ကြားဖြတ် တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။

စစ်တပ်က ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး၊ ကနီ၊ ပုလဲ၊ ယင်းမာပင်မြို့နယ်တွေကို ဖေဖော်ဝါရီလ နှောင်းပိုင်းကတည်းက အင်အားအလုံးအရင်းနဲ့ နယ်မြေထိန်းချုပ်ဖို့ ကြိုးစားခဲ့တာပါ။

ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောက်ကျားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေပေမဲ့ စစ်တပ်က အချိန် ၂ လကျော် ကြာတဲ့အထိ သာလွန်အင်အား အသုံးပြုပြီး နယ်မြေထိန်းချုပ်ဖို့ ဆက်လက်ကြိုးစားနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။

စစ်တပ်က မန္တလေး-မုံရွာ လမ်းပိုင်းအထိ ထိန်းချုပ်ထားပြီးနောက် မုံရွာကနေ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက် လမ်းပိုင်းတွေကို ဆက်ထိန်းချုပ်နိုင်ဖို့ ယင်းမာပင်ခရိုင်ထဲက မြို့နယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

ပုလဲဒေသခံ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “မနေ့ကတော့ မိုင်းဆွဲတာတော့ ဆွဲကြတာပဲ၊ ကျန်တဲ့အဖွဲ့တွေ PDF အဖွဲ့တွေပေါ့နော်၊ အကုန်လုံးကလည်း ရေရှည် တိုက်ပွဲဖြစ်နေတဲ့အတွက် ပြည်သူနဲ့တကွ တော်လှန်ရေးတွေပါ ငတ်ပြတ်နေပြီ၊ အဲလိုဖြစ်နေတာ၊ ထောက်ပံ့ဖို့နေနေသာသာ ပြည်သူကိုယ်တိုင်ကလည်း ပြေးလွှားရှောင်တိမ်းနေရတာကိုး အကုန်လုံးက။ အဲဒီတော့ ဘယ်လိုထောက်ပံ့ကြမလဲ။ ကိုယ်ကိုယ်တိုင်တောင်မှ ကယ်ပါ ကယ်ပါ ဖြစ်နေတာ၊ ဘယ်သူ့မှလည်း မလှူနိုင်ဘူး၊ အဲဒီလိုဖြစ်ကုန်တော့တာ။ သူတို့ထားခဲ့တဲ့ ပစ္စည်းဥစ္စာကလည်း စစ်တပ်ကယူသွားလို့ ကိုးယို့ကားယားတွေ ဖြစ်တာလည်း အများကြီးကိုး။ တချို့လည်း ကားကျန်ခဲ့ရင် ကားယူခံရ၊ ဆိုင်ကယ်ကျန်ခဲ့ရင် ဆိုင်ကယ်ယူခံရ၊ ဆန်အိတ်ကျန် ဆန်အိတ်ယူသွားတာ။ နောက်ဆုံး ယူလို့မရရင် ဓာတ်ဆီ၊ ဒီဇယ်ကျန်တောင်မှ ဒီကောင်တွေက သွန်ပစ်ထားခဲ့တာတဲ့၊ ဘယ်လောက်ထိ စိတ်ဓာတ်အောက်တန်းကျလဲ အဲဒါ တွေးသာကြည့်။ ဒီ ယင်းမာပင်၊ ပုလဲ ထိုးထားတဲ့စစ်ကြောင်းက အတော်ကြာနေပြီလေ လချီပြီးတော့။ အရင်က ပြည်သူက ပုလဲနယ်ကရှောင်ရင် ယင်းမာပင်ကပို့၊ ယင်းမာပင်ကရှောင်ရင် ပုလဲကပို့၊ အဲဒီလိုမျိုး ထောက်ပို့ပေးနိုင်သေးတာကိုး။ အခုဟာက အကုန်လုံး မျှထိုးတာဆိုတော့ ဘယ်လိုမှတိုက်မရဘူး၊ ဘယ်လိုမှလည်း ပြည်သူက စီမံခန့်ခွဲပေးရမှန်းလည်း မသိဘူး၊ ကိုးယို့ကားယားတွေ ဖြစ်ကုန်ပြီ။ ပုလဲ-ယင်းမာပင်-ကနီ လမ်းကြောင်းချုပ်စပ်တွေ အကုန်ပတ်ထိုးသလိုဖြစ်နေတာ” လို့ ပြောပါတယ်။

၂၀၂၁ လက်နက်ကိုင်တော်လှန်ရေး အစောပိုင်းကတည်းက ယင်းမာပင်ခရိုင်ထဲက မြို့နယ်တွေကို စစ်တပ်က အကြမ်းဖက်ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမဲ့ အချိန် ၅ နှစ်ကျော် ကြာတဲ့အထိ ဒေသကာကွယ်ရေးအဖွဲ့တွေက ခုခံနေတာ ဖြစ်ပါတယ်။

ဒေသတွင်းမှာ ပျူစောထီးကျေးရွာ အများအပြား ရှိနေတာက စစ်တပ်အတွက် အားသာချက်ဖြစ်ခဲ့ပြီး လတ်တလောမှာလည်း ပျူစောထီးကျေးရွာတွေကို အခြေစိုက်ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်မှ ဦးစိုးဝင်းဆွေက “တိုက်နေတဲ့ တိုက်ပွဲအားလုံးကိုလည်း လိုင်းပေါ်မှာ ဖြန့်ဝေတာမျိုး မီဒီယာတွေမှာ ပေးပို့တာမျိုးလည်း သိပ်မလုပ်ကြဘူးပေါ့။ စစ်ရေးအတွေ့အကြုံအရ လျှို့ဝှက်တာတွေလည်း ရှိလာတော့ ပြည်သူတွေအနေနဲ့ကတော့ တိုက်အားလျော့သွားပြီလို့ ထင်ကောင်းထင်မယ်။ ဒါပေမဲ့ တကယ်တမ်းကတော့ လုပ်နေကြတာပေါ့။ အကြမ်းဖက်စစ်တပ်ကတော့ သူ့ဒရုန်းတွေကို Update မြှင့်လာပြီးတော့ စစ်ကြောင်းထွက်မယ်ဆို ရှေ့က ဒရုန်းတွေက ဝဲပြီး သွားတဲ့အခါကျတော့ ဒါက သူတို့ရဲ့အားသာချက် ပြန်ဖြစ်လာတာပေါ့။ တော်လှန်ရေးအင်အားစုတွေက ဘယ်လို တန်ပြန် အဖြေရှာနိုင်မလဲ ဆိုတာတော့ ဆွေးနွေး တိုင်ပင်နေကြတာတော့ ရှိတာပေါ့ဗျာ” လို့ ပြောပါတယ်။

ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့က ကိုသက်ဦးကလည်း “NUG အစိုးရအပိုင်းမှာ ဆိုရင်တော့ ကျနော်တို့ မြေပြင်ရဲ့ အခက်အခဲတွေပေါ့နော်၊ အခက်အခဲဆိုတာက အဓိက စစ်အနိုင်တိုက်ရေးကို ဦးစားပေးကြတယ်။ သို့သော် လတ်တလောအခြေအနေမှာ ကျနော်တို့က စစ်ကောင်စီရဲ့ အင်အားနဲ့ တော်လှန်ရေးအင်အားစုတွေက အင်အားမမျှဘူး။ စစ်ရေးအခြေအနေကိုတော့ ကျနော်တို့ မပြောလိုပေမဲ့ပေါ့နော် ဒီ စစ်ရှောင်ကူတဲ့ အခန်းကဏ္ဍတွေ၊ လူသားစာနာ အခန်းကဏ္ဍတွေကိုတော့ အင်တိုက်အားတိုက်လေး လုပ်ဆောင်စေချင်ပါတယ်ပေါ့။ မြို့နယ်အဆင့် ရပ်ကျေးအဆင့်တွေက အစပေါ့နော်။ လောလောဆယ် ပြည်သူတွေအတွက် ခွန်အားပဲဖြစ်ဖြစ် ရိက္ခာပဲဖြစ်ဖြစ် ထောက်ပံ့ကူညီပေးဖို့ အဲဒါလေး ပြောချင်ပါတယ်ဗျ” လို့ ပြောပါတယ်။

စစ်တပ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (မုံရွာ) က တပ်သားတွေကို ရွှေတောင်ဦးကုန်းကနေ တဆင့် ယင်းမာပင်ခရိုင်ထဲကို အင်အားဖြန့်နေတာ ဖြစ်ပါတယ်။

ဧပြီလကုန်ပိုင်းက ကြေညာခဲ့တဲ့ စစ်အာဏာရှင်ရဲ့ စစ်ကိုင်းတိုင်း၊ စစ်အုပ်ချုပ်ရေး ၈ မြို့နယ်စာရင်းမှာ ယင်းမာပင်ခရိုင်ထဲက ပုလဲနဲ့ ကနီမြို့နယ်တွေ ပါဝင်ပါတယ်။

အဲဒီနောက်ပိုင်းမှာ စစ်တပ်က ယင်းမာပင်ခရိုင်အတွင်းမှာ အင်အားထောင်ချီ အသုံးပြုပြီး နေ့စဉ် ထိုးစစ်ဆင်ဖို့ ကြိုးစားခဲ့တာပါ။

ယင်းမာပင်ခရိုင်ဟာ စစ်ကိုင်း-မကွေး-ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးမှာ အရေးပါတဲ့ လမ်းပိုင်းတွေရဲ့ ဆုံချက်ဖြစ်နေတာကြောင့် စစ်တပ်က ဗျူဟာအရ မဖြစ်မနေ ပြန်လိုချင်နေတဲ့ဒေသ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013