
၄၇ နှစ်တာအတွင်း ရုရှားနိုင်ငံရဲ့ ပထမဆုံး လပေါ်ဆင်းသက်ရေး အာကာသယာဉ်ကို သြဂုတ် ၁၁ ရက်မှာ လွှတ်တင်လိုက်ပြီ ဖြစ်ပါတယ်။
ဒါဟာ လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းမှာ ဆင်းသက်နိုင်ဖို့အတွက် ပထမဆုံးအကြိမ် ကြိုးပမ်းမှုဖြစ်ပြီး အဲ့ဒီဒေသမှာ ရေခဲထုကြီးရှိတယ်လို့ ယုံကြည်ထားပါတယ်။
မော်စကိုမြို့ရဲ့ အရှေ့ဘက် မိုင်ပေါင်း ၃,၄၅၀ အကွာက Vostochny အာကာသစခန်းမှာ Luna-25 အမည်ရ အာကာသယာဉ်ကို Soyuz 2.1v ဒုံးကျည်နဲ့အတူ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
မော်စကိုစံတော်ချိန် မနက် ၂ နာရီ ၁၁ မိနစ်မှာ ထွက်ခွာလာတဲ့ ဒီအာကာသယာဉ်ဟာ လာမယ့် သြဂုတ် ၂၃ ရက်အတွင်း လပေါ်ကို ဆင်းသက်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ရုရှားနိုင်ငံရဲ့ အာကာသအေဂျင်စီက ပြောထားပါတယ်။
၁၉၇၆ ခုနှစ်နောက်ပိုင်း လကမ္ဘာပေါ်မှာ ရေရှာဖွေသွားမယ့် ပထမဆုံး ရုရှားမစ်ရှင်ဟာ အိန္ဒိယနိုင်ငံနဲ့ ယှဉ်ပြိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
Chandrayaan-3 ဆိုတဲ့ အာကာသယာဉ်ကို ပြီးခဲ့တဲ့လမှာ အိန္ဒိယနိုင်ငံက လွှတ်တင်ခဲ့တာပါ။ ဒါပေမဲ့လည်း အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးကတော့ လကမ္ဘာ စူးစမ်းရှာဖွေရေး အစီအစဉ်တွေမှာ ပိုမိုကျယ်ပြန့်စွာ ခရီးရောက်နေကြပြီ ဖြစ်ပါတယ်။
Source - Reuters










