
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါတောင်ရွာကို စက်တင်ဘာ ၂၆ ရက်မှာ စစ်တပ်က တိုက်ပွဲမဖြစ်ဘဲ အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတာကြောင့် ပြည်သူ ၃ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၆ ရက်၊ မနက် ၅ နာရီခွဲလောက်ကစပြီး ရွှေဘိုမြို့အဝင် တောင်မုခ်ဦးဂိတ်၊ မင်းကုန်းဂိတ်နဲ့ ဇီးကုန်းဂိတ်တို့မှာ စစ်အင်အားတိုးမြှင့်ချထားခဲ့တာပါ။
အဲဒီနောက် ရွှေဘိုနယ်အနောက်တောင်ခြမ်းက ကျေးရွာတွေဘက်ကို ကင်းထောက်ဒရုန်းတွေ လွှတ်တင်ခဲ့ပြီး၊ မနက် ၆ နာရီကနေ မွန်းလွဲ ၁ နာရီအထိ ဗုံးတပ် အသေခံဒရုန်း ၈ စင်းထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
မွန်းတည့် ၁၂ နာရီလောက်မှာတော့ ရွှေဘိုမြို့တောင်ဘက် မြို့အဝင်တောင်မုခ်ဦး စစ်ဆေးရေးဂိတ်ကနေ အသေခံဒရုန်း ၃ စင်းနဲ့ ချီပါတောင်ရွာ အရှေ့ပိုင်းက နေအိမ်ပေါ်နဲ့ နေအိမ်ဝင်းအတွင်းကို တိုက်ရိုက်ကြဲချခဲ့တာပါ။
ဗုံးသီးကျရောက်ပေါက်ကွဲလို့ မိသားစုဝင်တွေ စုဝေးနေထိုင်ရာနေအိမ်ပါ မီးလောင် ပျက်စီးခဲ့ရပါတယ်။
သေဆုံးသူတွေကတော့ အသက် ၆၅ နှစ်နဲ့ ၇၀ အရွယ် အမျိုးသား ၂ ယောက်နဲ့ အသက် ၈၀ ဝန်းကျင် အမျိုးသမီး ၁ ယောက်တို့ဖြစ်ပြီး ဒဏ်ရာရရှိသူ ၇ ယောက်ထဲမှာတော့ အသက် ၉ နှစ်ဝန်းကျင်အရွယ် ကလေးငယ် ၁ ယောက်၊ အသက် ၂၀ ကနေ ၇၀ ကြား အမျိုးသား၊ အမျိုးသမီးတွေ ပါဝင်ပြီး အဲဒီထဲက ၂ ယောက်ကတော့ ဒဏ်ရာစိုးရိမ်ရတယ်လို့ သိရပါတယ်။
အခုလို စစ်အင်အားတိုးမြှင့်တာနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီးသွား ကားလမ်းမပေါ်မှာ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေ မသွားလာနိုင်ဘဲ ရပ်ထားရသလို ချီပါ၊ အိုးဖိုနဲ့ ကင်းပျားရွာတို့က ဒေသခံပြည်သူတွေလည်း နီးစပ်ရာကျေးရွာတွေကို စစ်ဘေးရှောင်နေကြရပါတယ်။
ပြီးခဲ့တဲ့ မေ ၂၂ ရက်နေ့ကလည်း ရေတော်မူရွာနဲ့ ချီပါရွာတို့ကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ချီပါရွာက အသက် ၇၀ ကျော်နဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၂ ယောက် ဗုံးစထိမှန် သေဆုံးပြီး၊ ရေတော်မူရွာက အမျိုးသား ၃ ယောက်နဲ့ ချီပါရွာက အမျိုးသမီး ၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။










