DVB Logo
Home
မြန်မာသတင်း
စက်ရုံ ပိတ်သိမ်းမှု နစ်နာကြေးမယူရန် လက်မှတ်ရေးထိုးခိုင်းမှုများ ရှိနေ
DVB
·
July 24, 2014
စက်ရုံ ပိတ်သိမ်းမှု နစ်နာကြေးမယူရန် လက်မှတ်ရေးထိုးခိုင်းမှုများ ရှိနေ
Donate to DVB

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က ကိုရီးယားပိုင် Master Sport စက်ရုံ တာဝန်ရှိသူတွေက အလုပ်သမား လုပ်ခလစာ၊ နစ်နာကြေးတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်မပေးလို့ စက်ရုံရှေ့မှာ အလုပ်သမားတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

[caption id="attachment_60492" align="alignright" width="300"] ကိုရီးယားပိုင် Master Sport စက်ရုံက အလုပ်သမားများ လုပ်ခလစာ၊ နစ်နာကြေးရရှိရေးအတွက် ဆန္ဒပြနေစဉ်[/caption]

စက်ရုံပိတ်လိုက်တဲ့အတွက် အလုပ်သမားတွေ လုပ်ခလစာရရှိဖို့နဲ့ နစ်နာကြေး ရရှိဖို့ အလုပ်သမား တရားဝင် ပဋိပက္ခ ညှိနှိုင်းရေးက ဖြေရှင်းဖို့ ကြိုးစားနေတယ်လို့ အလုပ်သမား အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

ဒါပေမယ့်လည်း အလုပ်ရှင်ဘက်က နီးစပ်ရာ အလုပ်သမားတွေကို ခေါ်ယူပြီး နစ်နာကြေး မယူရင် ဇွန်လ လုပ်အားခပေးပါမယ်ဆိုတဲ့ သဘောတူညီချက်မှာ လက်မှတ်တွေ ရေးထိုးခိုင်းတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲလုပ်တာ ဖြစ်တယ်လို့ အလုပ်သမား သမဂ္ဂများ ကွန်ရက်ရဲ့ နိုင်ငံရေး အကြံပေး ဦးစောနန္ဒအောင်က ပြောပါတယ်။

“တရားဝင် ညှိနှိုင်း လုပ်တဲ့နေရာကနေ မညှိနှိုင်းပဲ သီးခြား အဲဒီလို လုပ်တဲ့ ကိစ္စတွေကြောင့် အလုပ်သမား အချင်းချင်းကြားမှာ ပဋိပက္ခ နည်းနည်းဖြစ်လာတယ်။ ဖြစ်လာတယ်ဆိုတာ လစာထုတ်တာ။ အလုပ်သမားတွေ ကိုယ်တိုင်ကလည်း မသိကြဘူး။ ခေါ်တုန်းက ဇွန်လ နောက်ဆုံးလစာပေးမယ် ပြောပြီး ဟိုကျမှ အဲဒီလိုတွေ ဖြစ်တော့ အလုပ်သမားတွေ ကိုယ်တိုင်လည်း ဝေေ၀၀ါးဝါးဖြစ်ကုန်ကြတော့ အဲဒီ ၂ ခုပေါင်းပြီး သတင်းစာရှင်းလင်းပွဲ လုပ်တာပါ။”

စက်ရုံ ပိတ်သိမ်းလိုက်တဲ့အတွက် ဇွန်လလစာရရှိရေးနဲ့ နစ်နာကြေးတွေ ရရှိဖို့ အလုပ်သမားတွေက ကိုရီးယား သံရုံးရှေ့မှာ ဇူလိုင်လက ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲပြီးတဲ့နောက်မှာတော့ အလုပ်သမားတွေကို နစ်နာကြေးမတောင်းဖို့ စက်ရုံ တာဝန်ရှိသူတွေက အတင်းလက်မှတ်လိုက်ထိုးခိုင်းတာတွေ ရှိနေတယ်လို့ အလုပ်သမား ခေါင်းဆောင် ဦးထွန်းနိုင်က ပြောပါတယ်။

ဒီစက်ရုံက အလုပ်သမားတွေကို တခြားစက်ရုံတွေမှာ အလုပ်ပေးဖို့ မေတ္တာရပ်ခံခဲ့ပြီး အလုပ်သမားတွေ အလုပ်ဝင်နေပြီဆိုတဲ့ အလုပ်သမားအလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီး ဌာန ဒုဝန်ကြီး ပြောဆိုချက်ကို ကိုးကားပြီး စံတော်ချိန် သတင်းစာက ရေးသားချက်နဲ့ ပတ်သက်ပြီးလည်း သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လှိုင်သာယာ မြို့နယ် တရားရုံးမှာ Master Sport စက်ရုံပိုင် ကိုးရီးယား အလုပ်ရှင်နဲ့ အလုပ်သမား သဘောတူညီချက် စာချုပ်ကို မလိုက်နာတဲ့အတွက် အလုပ်သမား ၀န်ကြီးဌာန လက်အောက်ခံ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနက ဇူလိုင်လမှာ တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013