DVB Logo
Home
နိုင်ငံတကာ
ထိုင်းမင်းသား မာရီယို ကားနံပါတ်ပြားအတုလုပ်သည့်ဂိုဏ်းနှင့်ဆက်စပ်မှုရှိမရှိ စစ်ဆေးခံနေရ 
DVB
·
August 10, 2023
Donate to DVB

ထိုင်းနိုင်ငံရဲ့ ထိပ်တန်း နာမည်ကြီး သရုပ်ဆောင် မာရီယို မော်ရေလ်ဟာ ကားနံပါတ်ပြားအတု လုပ်တဲ့ ဂိုဏ်းနဲ့ ဆက်စပ်မှု ရှိ၊ မရှိ စစ်ဆေးခံနေရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဩဂုတ် ၃  ရက်နေ့က ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဦးစီးဌာနနဲ့ ဆိုင်ဘာ ရဲတပ်ဖွဲ့ဝင်တွေဟာ ကားနံပါတ်ပြားအတုလုပ်တဲ့ ဂိုဏ်းထဲက လူ ၂ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဦးစီးဌာနရဲ့ ကွန်ပျူတာထဲက အချက်အလက်တွေ ဖွင့်လို့ရတဲ့ လျှို့ဝှက်နံပါတ်ကို မသမာသူတွေရရှိသွားပြီး ကားနံပါတ်ပြားအတု၊ တရားဝင်ကားနံပါတ်ကို ထပ်တူထပ်မျှ အသုံးပြန်ပြုနိုင်အောင် အချက်အလက်ထဲ ဖြည့်စွက်ထားတာကို သက်ဆိုင်ရာက စစ်ဆေးတွေ့ရှိခဲ့တာပါ။ 

ကားနံပါတ်ပြားအတုထုတ်ပေးထားတဲ့ ကားအစီးရေ စုစုပေါင်း ၆၅ စီးရှိပြီး ဌာနဆိုင်ရာရဲ့ နစ်နာဆုံးရှုံးမှုမှာ ဘတ်သန်းပေါင်း ၇၇ သိန်းကျော်ကြောင်း၊ အဆိုပါကားနံပါတ်ပြားတုတွေထဲက BENZ G300 ဇိမ်ခံကားပိုင်ရှင်မှာ သရုပ်ဆောင် မာရီယို မော်ရေလ်ရဲ့ အမည်ဖြစ်နေတဲ့အတွက် ဆိုင်ဘာရဲတပ်ဖွဲ့က သူ့ကို ခေါ်ယူစစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။‌ေ

သရုပ်ဆောင် မာရီယိုဟာ ဩဂုတ် ၉ ရက်က သူ့ရဲ့ရှေ့နေနဲ့အတူ ရဲစခန်းမှာ လာရောက် သတင်းပို့ကာ အစစ်ခံခဲ့ပါတယ်။ 

ရဲစခန်းမှာ ၂ နာရီခန့် အစစ်ဆးခံပြီးတဲ့နောက် သူဟာ အဲဒီကားကို ပုံမှန်ဝယ်ယူခဲ့တယ်၊ တရားမဝင်ကားကို ဝယ်ယူအားပေးဖို့ စိတ်ကူးမရှိ၊ အခုလို ခေါ်ယူစစ်ဆေးခံရတဲ့အပေါ် စိုးရိမ်ကြောင့်ကြမှု လုံးဝမရှိဘူး၊ စာရွက်စာတမ်းသက်သေတွေအကုန် ရဲကို အပ်ထားတယ်၊  နောက်ထပ် အသေးစိတ်အချက်အလက်ကို တာဝန်ရှိသူတွေက ဖြေကြားပါလိမ့်မယ်လို့  ရဲစခန်းရှေ့မှာ စောင့်နေတဲ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ဆိုင်ဘာရဲတပ်ဖွဲ့ ဒုညွှန်မှူး ရဲမှူးကြီး အမ်းနတ် တရိုင်းဖို့ဒ်က “ရဲစခန်းအနေနဲ့ လူ ၃ ယောက်ကို ခေါ်ယူစစ်‌ဆေးခဲ့တယ်။ မာရီယိုရယ်၊ သူ့သူငယ်ချင်း ‘ကောင့်’ ဆိုသူနဲ့ ကောင့်ရဲ့ အစ်ကို ဆိုတဲ့သူပေါ့၊ မာရီယိုက သူ အဲဒီကားကို ကောင့်ရဲ့ အဆက်အသွယ်နဲ့ မနှစ် ဒီဇင်ဘာက ဝယ်ခဲ့တယ်၊ တန်ဖိုး ဘတ် ၁ သန်း ၅ သိန်းနဲ့ စရံ ၅၀၀,၀၀၀ ပေးပြီး ကားက သူ့နာမည်ပေါက်ဖြစ်နေပေမယ့် ကားက လက်ထဲ ရောက်မလာသေးဘူး၊ ကားပိုင်ရှင်နေရာမှာ သူက နောက်ဆုံးလူပေါ့။ အဲဒီရှေ့မှာ ဘယ်သူတွေ ပိုင်သလဲ၊ ဘယ်သူတွေ လက်လွှဲခဲ့သလဲဆိုတာ ကားရာဇဝင်ကို ဆက်ပြီးစုံစမ်းနေတယ်၊ မာရီယိုကို ကြည့်ရတာ တရားမဝင်တဲ့ကားကို ဝယ်မယ် မထင်ဘူး၊ ပြဿနာဖြစ်နေတယ် ဆိုတာလည်း သူ မသိဘူးထင်တယ်” လို့ ပြောပါတယ်။

မည်သို့ဆိုစေကာမူ အဲဒီအမှုကို ဆက်လက်စုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီး မာရီယိုဟာ မပတ်သက်ရင် လွတ်မယ်၊ ပတ်သက်ရင်တော့ ဥပဒေအတိုင်း ဆောင်ရွက်ရမယ်လို့ ဆိုင်ဘာရဲတပ်ဖွဲ့ ရဲမှူးကြီးက ပြောသွားပါတယ်။ 

ကိုးကား - CH7

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013