DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်အလယ်ပိုင်းကို ပြန်ထိန်းချုပ်ရန် စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက် စစ်ကြောင်းထိုးနေ
သုတချမ်းသာ
·
May 24, 2026
Photo: Google Map
Photo: Google Map
Donate to DVB

မြန်မာပြည်အလယ်ပိုင်း မြင်းခြံ-ပခုက္ကူ-ယင်းမာပင်ခရိုင်တွေကိုထိန်းချုပ်ဖို့ စစ်အာဏာရှင်တပ်က ကင်းထောက်ဒရုန်းတွေအပြင် အသေခံ တိုက်ခိုက်ရေး ဒရုန်းတွေကိုပါ အသုံးပြုနေတဲ့အတွက် အခက်ကြုံနေရတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ 

နယ်မြေချင်းထိစပ်နေတဲ့ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မကွေးတိုင်း၊ ပခုက္ကူခရိုင်နဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တို့ကို စစ်တပ်က ထောင်ချီတဲ့ အင်အားတွေနဲ့ စစ်ကြောင်းထိုးနယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာပါ။

၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက တရုတ်အစိုးရရဲ့ ထောက်ခံအားပေးမှုကနေ ရလာတဲ့ လက်နက်နဲ့ နည်းပညာ၊ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစုဆောင်းရာက ရလာတဲ့တပ်သားသစ်တွေကို အသုံးပြုပြီး အချိန်တိုအတွင်းမှာ စစ်တပ်က စစ်ရေးအသာစီးပြန်ယူခဲ့တာပါ။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့ကနေ လေကြောင်းပစ်ကူနဲ့ ထောက်ပို့တာတွေ ပြုလုပ်ခဲ့သလို နည်းပညာမြင့် ဒရုန်းတွေကိုလည်း စစ်တပ်က  အသုံးပြုနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ပခုက္ကူခရိုင်၊ အမှတ် ၃ စစ်ကြောင်း ပြန်ကြားရေးတာဝန်ှရှိသူ  ရဲဘော်ပြည့်ဖြိုးကျော်က “ကျနော် မြင်ရသမျှက ထိတွေ့တိုက်ပွဲမှာ သူတို့ ဒဏ်ရာရတယ်၊ ထိခိုက်ကျဆုံးတာတွေ များလာရင်တော့ Air Strike က မဖြစ်မနေလာတာပေါ့၊ ကျန်တဲ့ဟာကတော့ ဒရုန်းနဲ့ပဲ ကင်းထောက်ပြီးတော့ နယ်မြေရှင်းလင်းရေးပုံစံမျိုး တက်တက်လာတာတော့ အများဆုံး ကြုံရတာပါ။ အဓိကကတော့ ကျနော်တို့ တခွင်လုံး၊ တစုံလုံးစာ ခြုံကြည့်ရမှာပေါ့၊ စစ်ကိုင်း-မကွေး-မန္တလေး ထိစပ်နေမြေတွေ၊ ယင်းမာပင်ခရိုင်-ပခုက္ကူခရိုင်-မြင်းခြံခရိုင် တကြောတွေပေါ့၊ ရန်သူ့ရဲ့ ကင်းထောက် ဒရုန်းတွေပဲ ဖြစ်ဖြစ်၊ ရန်သူ့ရဲ့ တိုက်ခိုက်ရေးဒရုန်းတွေပဲဖြစ်ဖြစ် ထိထိရောက်ရောက် ဟန့်တား နှောင့်ယှက်နိုင်တာ မရှိသေးဘူး၊ ကျနော်တို့မှာ အဲဒီနည်းပညာရပ်တွေအ ရမ်းအားနည်းတယ်၊ အသေခံဒရုန်းတွေပါ သုံးလာတဲ့အနေအထားအထိလည်း ကျနော်တို့ ကြုံနေရတယ်။ ရန်သူ့ရဲ့ ဒရုန်းတွေလာခဲ့ရင် ကျနော်တို့က တန်ပြန်ခုခံနိုင်ဖို့အတွက် ပညာရှင်တွေက လိုအပ်နေတယ်။ အဲဒါက လက်ရှိ ကျနော်တို့ အညာမှာ ဖြစ်နေတဲ့ ကဏ္ဍပေါ့၊ အကူအညီတွေကတော့ အများကြီး လိုအပ်နေတယ်၊ လက်နက်ခဲယမ်း-နည်းပညာ အကူအညီတွေကတော့ ဒေသတွင်းမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်း တော်တော်များများက လိုအပ်နေတာပါ”လို့ ပြောပါတယ်။

စစ်တပ်က မန္တလေးမြို့၊ နန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဗဟိုပြုပြီး မြင်းခြံခရိုင် တခုလုံးနီးပါးမှာ စစ်ရေးအသာစီးပြန်ယူထားသလို နယ်မြေချင်း ထိစပ်နေတဲ့ ဧရာဝတီမြစ် အနောက်ဘက်ကမ်း၊ မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာလည်း စစ်ရေးအသာစီးယူနိုင်ဖို့ ကြိုးစားနေတာပါ။

စစ်တပ်က မြေပြင်စစ်ရေးအတွက် မြင်းခြံခရိုင်မှာ သီတာယုမွန် ခေါင်းဆောင်တဲ့ ပျူစောထီးတွေရဲ့ နယ်မြေကျွမ်းကျင်မှုနဲ့ အင်အားကို အသုံးပြုနေပြီး ပခုက္ကူဘက်ခြမ်းမှာတော့ ပေါက်ကိုယ်တော်ရဲ့ ပျူစောထီးတပ်ဖွဲ့တွေကို အားပြုနေတာဖြစ်ပါတယ်။ 

ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က “ပါရာမော်တာနဲ့ လာချတာ၊ စာသင်ကျောင်းထဲမှာ ချတယ်၊ ဘုန်းကြီးကျောင်းထဲမှာချတယ်၊ ကျနော်တို့ဘက်တွေမှာ စစ်ကြောင်းထိုးရင် ရိုးရိုးစစ်သားဆိုရင် သူတို့ စားစရာရှိတာ စားသောက်ပြီးတော့ ဈေးဆိုင် ဈေးဝယ်မယ် ဆိုရင်တောင် ပိုက်ဆံပေးဝယ်တယ်။ ပျူစစ်ကြောင်းထိုးလာပြီဆိုရင်တော့ ရှိတဲ့ပစ္စည်း အကုန်ယူတယ်၊ ဖျက်ဆီးစရာရှိတာ အကုန်ဖျက်ဆီးခဲ့တယ်၊ ပျူကတော့ တော်တော်ဆိုးတယ်ဗျ ကျနော်တို့ဒီဘက်တွေကတော့။ အရင် ကျနော်တို့ PDF က စိုးမိုးထားတဲ့နယ်မြေတွေ အကုန်လုံး ပြန်ပြီးတော့ စစ်ကြောင်းဝင်ထားတာပေါ့၊ လေယာဉ်ပစ်ကူကတော့ လောလောဆယ် တော်တော်နည်းတယ်၊ အခုလောလောဆယ်ကို ကျနော်တို့ဘက်တွေမှာ ပေးလိုက်ရတာ တော်တော်များများက ဒရုန်းကြောင့်ပဲ ပေးလိုက်ရတာ။”

စစ်တပ်က မြင်းခြံ-ပခုက္ကူ-ယင်းမာပင်ခရိုင်တွေကို ထိုးစစ်ဆင်ရာမှာ မြေပြင်စစ်ကြောင်း၊ လေကြောင်း ပစ်ကူတွေအပြင် ဒေသတွင်းကုန်စည်စီးဆင်းမှုနဲ့ သွားလာရေးမှာ အရေးပါတဲ့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရိုး ရေလမ်းခရီးကိုပါ အသုံးပြုနေတာ ဖြစ်ပါတယ်။

မြင်းခြံခရိုင်တပ်ရင်း-၉ မှ ဗိုလ်မိုက်ခဲက “ဘယ်လိုပဲဖြစ်ဖြစ် အခက်အခဲတွေက ရှိတာပေါ့ ဒီကာလမှာ။ စစ်ပူနေတဲ့ကာလဖြစ်တဲ့အတွက် အခက်အခဲတွေ ရှိတယ်။ ဒီကာလက အကောင်းဆုံးကြိုးစားရမဲ့ကာလ၊ သင်ခန်းစာတွေ ယူရမဲ့ကာလ ဖြစ်တယ်။ အကောင်းဆုံး ကြိုးစားပြင်ဆင်နေတယ်။ သင်ခန်းစာတွေကို ဘယ်မှာ မှားခဲ့တာလဲပေါ့၊ ဒီအမှားတွေကို ကြိုးစားပြင်ဆင်စုဖွဲ့နေပါတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ဘက်က အာရက္ခတပ်တော် (AA) ရဲ့ အင်အားတွေ ကျွံဝင်လာတာကို ထိန်းချုပ်ဖို့နဲ့ ချင်းပြည်နယ်ကို ထိုးစစ်ဆင်ဖို့အတွက် မကွေးတိုင်း၊ ပခုက္ကူခရိုင်နဲ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တို့ကို စစ်တပ်က ပြန်ထိန်းချုပ်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒေသတွင်း အရေးပါတဲ့လမ်းပိုင်းတွေကို စစ်တပ်က ပြန်ထိန်းချုပ်ပြီး တပ်သားတွေနဲ့ ဒေသတွင်း ထောက်ခံသူတွေကို ထောက်ပံ့နိုင်ဖို့လည်း ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013