Home
မြန်မာသတင်း
ဇူလိုင်လအတွင်း ပြည်ပသို့ ဆန်တင်ပို့မှု အနိမ့်ဆုံးကျဆင်း
DVB
·
August 9, 2023

၂၀၂၃-၂၄ ဘဏ္ဍာနှစ် ဇူလိုင်လအတွင်း မြန်မာနိုင်ငံရဲ့ ဆန်နဲ့ ဆန်ကွဲတင်ပို့မှုဟာ တန်ချိန် ၅၈,၀၀၀ ကျော်သာရှိပြီး ဘဏ္ဍာနှစ် ပထမလေးလပတ်အတွင်း အနိမ့်ဆုံး ရောက်ရှိခဲ့ပါတယ်။

ကုမ္ပဏီပေါင်း ၃၅ ခုက ဇူလိုင်လ တလအတွင်း ဆန်တန်ချိန် ၂၁,၇၀၀ ကျော် တင်ပို့ခဲ့ပြီး ဆန်ကွဲတန်ချိန် ၃,၆၀၀ ကျော် တင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

ပင်လယ်ရေကြောင်းကတဆင့် တင်ပို့မှုကတော့ တန်ချိန် ၄၇,၀၀၀ ကျော်ရှိပြီး နယ်စပ်လမ်းကြောင်းက တဆင့် တင်ပို့မှုကတော့ တန်ချိန် ၁၀,၀၀၀ ကျော်ပဲ ရှိခဲ့ပါတယ်။

ဆန်ကို ဖိလစ်ပိုင်နိုင်ငံက အများဆုံးဝယ်ယူခဲ့ပြီး ဆန်ကွဲကိုတော့ တရုတ်နိုင်ငံက အများဆုံး ဝယ်ယူခဲ့တာပါ။ တခြားဝယ်ယူတဲ့ နိုင်ငံတွေကတော့ စပိန်၊ ပိုလန်၊ ပေါ်တူဂီ၊ ဘူလ်ဂေးရီးယား၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဗြိတိန်တို့ ဖြစ်ပါတယ်။

အရင်လတွေနဲ့ ယှဉ်ကြည့်ရင်တော့ ဧပြီလမှာ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၈၇,၀၀၀ ကျော် တင်ပို့ခဲ့ပြီး မေလမှာ တန်ချိန် ၁၁၀,၀၀၀ ကျော်၊ ဇွန်လမှာ တန်ချိန် ၆၂,၀၀၀ ကျော် တင်ပို့ခဲ့တာ တွေ့ရပြီး ဇူလိုင်လမှာ အနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။

ဆန်တင်ပို့မှုက ရရှိတဲ့ ဝင်ငွေကလည်း ဧပြီလမှာ အမေရိကန်ဒေါ်လာ ၃၆ သန်း၊ မေလမှာ ၄၈ သန်း၊ ဇွန်လမှာ ၂၈ သန်းနဲ့ ဇူလိုင်လမှာ ၂၆ သန်း အသီးသီး ရရှိခဲ့ပါတယ်။

အခုလို ဆန်တင်ပို့ တဖြည်းဖြည်း ကျဆင်းလာရတာက ပို့ကုန်ဆိုင်ရာ မူဝါဒ အားနည်းချက်နဲ့ ပြည်တွင်းဆန်ဈေး ကြီးမြင့်နေတာကြောင့် ဖြစ်တယ်လို့ ဆန်ကုန်သည်တဦးက သုံးသပ်ပါတယ်။

“ပို့ကုန်ရ‌ငွေ ၅၀/၅၀ မူဝါဒ ရှိနေတယ်။ ပြည်တွင်းဈေးကလည်း မြင့်နေတယ်။ အဲတော့ နိုင်ငံတကာ ဈေးကွက်မှာကျ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း အားနည်းလာတယ်။ ပြီးခဲ့တဲ့နှစ် စံချိန်ကို မီဖို့ကတော့ တော်တော်ခက်ပါတယ်” လို့ ဆန်စပါးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပ ဆန်၊ ဆန်ကွဲတင်ပို့မှုဟာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ပထမလေးလမှာ စုစုပေါင်း တန်ချိန် ၇၃၀,၀၀၀ ကျော် ရှိခဲ့ပြီး အခုဘဏ္ဍာနှစ်မှာ တန်ချိန် ၃၂၀,၀၀၀ ဝန်းကျင် သာ ရှိတာကြောင့် အခုနှစ်မှာ ၅၆ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး ကျဆင်းမှုနဲ့အတူ စိုက်ပျိုးရေး သွင်းအားစုတွေ၊ အထွေထွေကုန်ဈေးနှုန်းတွေ မြင့်တက်နေတာက ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာမှာ ပိုကုန်ကျစေပြီး နိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေကလည်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းကို လျော့ကျစေခဲ့ပါတယ်။

လက်ရှိ ပြည်တွင်းမှာလည်း ဆန်ဈေးနှုန်း မြင့်တက်နေပြီး ဆန်ကြမ်းတအိတ်ဟာ လက်ကားဈေးကွက်မှာ ကျပ် ၆၅,၀၀၀ အထက်မှာရှိပြီး ရွှေဘိုပေါ်ဆန်းလို တန်းမြင့်ဆန်ဟာ လက်ကားဈေးကွက်မှာ ဆန်တအိတ် ၁၄၀,၀၀၀ အထက်မှာ ရှိနေပါတယ်။

ဆန်ဈေးပြန်ကျဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံ ဆန်ပါးအသင်းချုပ်က အရန်ဆန်တွေ ထုတ်ရောင်းနေတာ ရှိပေမဲ့ ဆန်ဈေးကတော့ ကျသွားခြင်းမရှိဘဲ ပိုမြင့်တက်လာခဲ့ပါတယ်။

တဖက်မှာလည်း ကမ္ဘာ့ဈေးကွက်မှာ အဓိက ဆန်တင်ပို့တဲ့ အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှု ကန့်သတ်လိုက်တာကြောင့် ကမ္ဘာ့ဆန်ဈေးကွက်တခုလုံးအပေါ် ရိုက်ခတ်ပြီး ဆန်ဈေးတက်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပကို ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂ ဒသမ ၂ သန်းကျော် ရှိခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅၃ သန်းကျော် ရရှိခဲ့ပါတယ်။

အခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန် ၂ ဒသမ ၅ သန်း၊ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁,၀၀၀ ထိ ရရှိဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က မျှော်မှန်းထားပေမဲ့ အခု ပထမလေးလပတ်အတွင်း လျာထားချက်ရဲ့ ၁ ရာခိုင်နှုန်း‌ကျော်သာ တင်ပို့ထားနိုင်သေးတာကြောင့် ပြီးခဲ့တဲ့နှစ် စံချိန်ကို မီဖို့ ခက်ခဲနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024