DVB Logo
Home
နိုင်ငံတကာ
ဖွေ့ထိုင်းပါတီက အစိုးရဖွဲ့ရန် ၆ ပါတီစုစည်း၊ ထောက်ခံမဲပေးရန် ‌MFP ပါတီကို မေတ္တာရပ်ခံ
DVB
·
August 9, 2023
Donate to DVB

MFP ပါတီ ဦးဆောင်တဲ့ ၈ ပါတီ ညွန့်ပေါင်းအဖွဲ့ကနေ ခွဲထွက်ပြီး MFP ပါတီ မပါတဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းဖို့ ကြိုးပမ်းနေတဲ့ ဖွေ့ထိုင်းပါတီဟာ နောက်ထပ် ၆ ပါတီကို စုစည်းနိုင်ကြောင်း ထုတ်ပြန်ကြေညာလိုက်သလို MFP ပါတီကနေ ထောက်ခံမဲရဖို့လည်း ဆောင်ရွက်နေပါတယ်။

ဖွေ့ထိုင်းပါတီခေါင်းဆောင် နိုင်းချွန်းလနန့် ဆီကယောက်က သူတို့အနေနဲ့ အစိုးရဖွဲ့နိုင်ဖို့  ဒီကနေ့မှာ ပချားချတ်၊ ချတ်ဖတ်ထနားကလာ့၊ ဆေရီရုမ်းထိုင်း၊ ဖွေ့ထိုင်းရုမ်းဖလန်း၊ ထောင့်ထိထိုင်း၊ ဖလန်းဆန်ခုံးမိုင် စတဲ့ နောက်ထပ်ပါတီ ၆ ခုကို စုစည်းနိုင်ပြီဖြစ်ကြောင်း၊ စုစုပေါင်း ဆန္ဒမဲ ၂၂၈ မဲ ရရှိသွားပြီဖြစ်ပြီး အထက်လွှတ်တော်အမတ်နဲ့ တခြား အောက်လွှတ်တော်အမတ်တွေထံကလည်း ထောက်ခံမဲရမယ်လို့ မျှော်လင့်တယ်၊ အားလုံး ပူးပေါင်းလက်တွဲပြီး တိုင်းပြည်ရဲ့ နိုင်ငံ‌ေရးအကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

လွှတ်တော် ၂ ရပ် ထောက်ခံမှုအပြည့်အဝရပြီးရင် ဝန်ကြီးချုပ် ရွေးကောက်တင်မြှောက်ရေးနဲ့ အစိုးရဖွဲ့စည်း‌ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မယ်၊ တိုင်းပြည်အကျိုးကို စီမံခန့်ခွဲသွားနိုင်မယ်၊ ပြည်သူတွေကြုံတွေ့နေရတဲ့ ပြဿနာတွေကို အလျင်အမြန် ဖြေရှင်းပေးနိုင်မယ်၊ အစိုးရဖွဲ့စည်းတာ နောက်ကျလေလေ ဆုံးရှုံးမှုက ပိုများလေပါပဲ၊ အစိုးရ အမြန်ဆုံးဖွဲ့နိုင်ပါမှ ပြဿနာ အခက်အခဲတွေ အမြန်ကျော်လွှားနိုင်မယ်လို့ ဖွေ့ထိုင်းပါတီက ပြောပါတယ်။

ဖွေ့ထိုင်းပါတီဟာ အရင်က သတင်းစာရှင်းပွဲကို ပါတီရုံးချုပ်မှာ အမြဲလုပ်ခဲ့ပေမဲ့ ဆန္ဒပြ ကန့်ကွက်မှုတွေနဲ့ နေ့တိုင်း ရင်ဆိုင်နေရတာမို့ ဒီကနေ့ သတင်းစာရှင်းပွဲကို ပါလီမန် အဆောက်အဦမှာ ပြောင်းလုပ်ခဲ့ရပါတယ်။

ဒီကနေ့ ထပ်မံစုစည်းလိုက်တဲ့ ၆ ပါတီထဲမှာတော့ အရင်စစ်အာဏာရှင်ပါတီ (ဗိုလ်ချုပ်ကြီး ပရယုဒ်နဲ့ ဗိုလ်ချုပ်ကြီး ပရဝစ်) တို့ရဲ့ ပါတီ ၂ ခုတော့ မပါဝင်ပါဘူး။

လွှတ်တော်ဥပဒေအရ ဝန်ကြီးချုပ်နဲ့ အစိုးရဖွဲ့ဖို့ အနည်းဆုံး ထောက်ခံမဲ ၃၇၆ မဲရမှ ဖြစ်တာကြောင့် နောက်ထပ် ၁၄၈ မဲ လိုအပ်နေပါတယ်။

အထက်လွှတ်တော်အမတ်တွေဆီက ထောက်ခံမဲ အပြည့်ရဖို့ မသေချာတာကြောင့် ဖွေ့ထိုင်းပါတီဟာ သူတို့ကျောခိုင်းခဲ့တဲ့ MFP ပါတီထံကနေ ထောက်ခံမဲ ပြန်ပြီး လိုချင်နေပါတယ်။

MFP ပါတီမှာ အမတ်ဦးရေ ၁၅၁ နိုင်ထားပြီး (လွှတ်တော်ဥက္ကဋ္ဌဖြစ်သွားသူ ၁ ဦး၊ အမှုဟောင်း အဖော်ခံရလို့ နုတ်ထွက်ရသူ ၁ ဦး) ဖယ်လိုက်ရင် နောက်ထပ် ၁၄၉ မဲ ကျန်နေတာကြောင့် MFP ထံက ထောက်ခံမဲရရင် အထက်လွှတ်တော်အမတ်ထံက မျှော်လင့်စရာမလိုဘဲ အစိုးရဖွဲ့နိုင်ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ MFP အနေနဲ့ သူတို့နောက်ကျောကို ဓားနဲ့အထိုးခံရသလို လုပ်သွားတဲ့၊ သစ္စာဖောက်သွားတဲ့ ပါတီကို ပြန်ပြီး ထောက်ခံပေးရမှာ မလွယ်ကူသလို MFP ထောက်ခံသူနဲ့ ဖွေ့ထိုင်းပါတီပေါ် စိတ်နာသွားတဲ့ ဖွေ့ထိုင်းထောက်ခံသူတွေကလည်း မထောက်ခံဖို့ ဖိအားပေးနေပါတယ်။

ဖွေ့ထိုင်းပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်းဖုမ်းထမ်း ဝေ့ချ်ယချိုင်းကတော့ MFP ပါတီကို ဝန်ချတောင်းပန်ပြီး ထောက်ခံမဲပေးဖို့ မေတ္တာရပ်ခံမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီကနေ့ညနေပိုင်းမှာ နိုင်းချွန်းလနန့်ဆီကယောက်၊ ဖဲထောင်းထန်း ရှင်နာဝပ်၊ နိုင်းဖုမ်း ထမ်း တို့ပါတဲ့ ဖွေ့ထိုင်းပါတီ ခေါင်းဆောင် ၅ ဦးဟာ MFP ပါတီနဲ့ သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့ပါတယ်။

နာရီဝက်ကျော် ညှိနှိုင်းအပြီးမှာတော့ ညှိနှိုင်းသူတွေ ပြန်ထွက်လာကြပါတယ်။ MFP ခေါင်း‌ဆောင် ဖိထား လိုမ့်ကျရွန်းရတ်က ဖွေ့ထိုင်းပါတီက လာရောက်ရှင်းပြသွားတဲ့ အခက်အခဲတွေကို လက်ခံနားထောင်ထားပြီး ထောက်ခံမဲပေးရေး မပေးရေး ကိစ္စကိုတော့ ပါတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြန်ညှိနှိုင်းရမှာမို့ ဒီကနေ့ အဖြေမပေးနိုင်သေးကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။

ကိုးကား - The Reporters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013