DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားအမတ်များ လွှတ်တော်မတက်ဘဲ ပီအာစနစ်ကို ကန့်ကွက်
DVB
·
July 24, 2014
တိုင်းရင်းသားအမတ်များ လွှတ်တော်မတက်ဘဲ ပီအာစနစ်ကို ကန့်ကွက်
Donate to DVB

၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲမှာ အချိုးကျမဲပေးစနစ် (ပီအာ) ကျင့်သုံးရေး ဒီနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အဆိုပြုမှာ ဖြစ်တဲ့အတွက် ဒီစနစ်ကို မထောက်ခံတဲ့ တိုင်းရင်းသားပါတီက ပြည်သူ့လွှတ်တော်အမတ် အတော်များများ လွှတ်တော်မတက်ဘူးလို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။

Parliment 29012014ဒီစနစ်ဟာ ဌာနေဒေသခံ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးကို ထိခိုက်စေတဲ့ အတွက် ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းပါတီအပါအ၀င် အခြား တိုင်းရင်းသားပါတီက လွှတ်တော်အမတ်တွေကပါ ကန့်ကွက်ထားတဲ့ကြားက ခုလို ဆောင်ရွက်တာကြောင့် လွှတ်တော် မတက်ဖို့ ဆုံးဖြတ်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)က မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။

“ကျနော်တို့ တိုင်းရင်းသားပါတီတွေက ပီအာစနစ်ကို ကန့်ကွက်ထားတာ ရှိပါတယ်။ သဘောထား ကြေညာချက်တွေလည်း ထုတ်ပြန်ထားတာ ရှိပါတယ်။ ဒီ ပီအာစနစ်က လောလောဆယ် ကျနော်တို့နိုင်ငံမှာ ကျင့်သုံးဖို့ စောနေသေးတာ တပိုင်းရယ်၊ တကယ်လို့ ကျင့်သုံးမယ်ဆိုရင်လည်း လူနည်းစု တိုင်းရင်းသားဒေသတွေမှာ ကျင့်သုံးဖို့ မသင့်သေးဘူးလို့ ဆုံးဖြတ်ထားတဲ့ တပိုင်းရယ်၊ ဒါကြောင့်မို့လို့ ပီအာစနစ်ကို ကန့်ကွက်ထားတာပါ။ ဒီလို ကန့်ကွက်ထားတဲ့ကြားက ဒါကို မဖြစ်ဖြစ်အောင် ဆောင်ရွက်မယ်ဆိုတဲ့အပေါ်မှာ တွေ့ရတဲ့ အတွက် တိုင်းရင်းသားတွေအနေနဲ့ ဒါကို ကန့်ကွက်တဲ့သဘောမျိုးနဲ့ တိုင်းရင်းသား အတော်များများ လွှတ်တော် မတက်ကြတာလည်း တွေ့ရပါတယ်။”

လွှတ်တော်မတက်တဲ့ တိုင်းရင်းသားလွှတ်တော်အမတ်ဦးရေ မသိရပေမယ့် သူတို့ပါတီ အနေနဲ့ တက်ခွင့်ရသူ အယောက် ၂၀ လုံး မတက်ရောက်ကြောင်း၊ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းပါတီအဖွဲ့ဝင် ချင်း၊ ရခိုင်၊ ကရင်နဲ့ မွန်အစရှိတဲ့ လွှတ်တော်အမတ်တချို့လည်း တက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန့်စေးအွာလည်း ခွင့်ယူထားပြီး ဦးစောသိန်းအောင်ကတော့ ပီအာစနစ်ကို ဆွေးနွေး ကန့်ကွက်နိုင်အောင်လို့ တက်ရောက်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် မရောက်သေးတဲ့အတွက် ဒီစနစ်ကို သုံးဖို့ အချိန်မတိုင်သေးဘူးလို့ ဦးစိုင်းသီဟကျော်က ပြောပါတယ်။

ပြည်သူ့လွှတ်တော်အမတ် နန့်စေးအွာက “ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ပြီးတော့ အကုန်လုံးက ပွင့်လင်းမြင်သာမှု ရှိလာပြီ၊ ပြည်သူလူထုက ပြောရဲဆိုရဲ လာပြီ၊ ဒီမိုကရေစီကို ဘာလဲဆိုတာကို အကုန်လုံး ပြောတတ်တဲ့ တနေ့မှာတော့ ဒါလေးတွေ ဖြစ်လာစရာအကြောင်း ရှိပါတယ်။ ကျမ သိရသလောက်တော့ ဆွီဒင်တို့လို၊ အမေရိကန်တို့လိုနိုင်ငံမှာတောင်မှ ဒီစနစ်ကို မကြိုက်ကြဘူး” လို့ ပြောပါတယ်။

ဝ ဒီမိုကရက်တစ်ပါတီက အမျိုးသားလွှတ်တော်အမတ် ဦးဆိုင်ပေါင်းနပ်ကလည်း ပီအာရ်စနစ် ကျင့်သုံးရင် ၀ နယ်မှာ ဖြစ်ပျက်နေတဲ့ဒုက္ခတွေ၊ အခက်အခဲတွေနဲ့ ပြုပြင်ပြောင်းလဲသင့်တဲ့အရာတွေဟာ လွှတ်တော်ကို ရောက်လာတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ အများကြီး နစ်နာတယ်။ ကျနော်တို့ တိုင်းရင်းသားလူမျိုးစုအသံတွေက လွှတ်တော်မှာ မရောက်နိုင်တော့ဘူး။ မရောက်တော့ တပြည်လုံးဟာ ၀ နယ်ရဲ့ ဒုက္ခတွေ အခက်အခဲတွေ၊ ၀ နယ်ရဲ့ တိုးတက်မှု၊ ဆောင်ရွက်မှု အနေအထားအားလုံးတွေပါ ဘယ်သူမှ မကြားတော့ဘူး။ မကြားတဲ့အတွက်ကြောင့် ဘာမှ လုပ်ဖြစ်တော့မယ် မဟုတ်ဘူးလို့ ကျနော်တို့ ဒီလိုပဲ ခံယူထားတယ်။”

သူ့အနေနဲ့ ပီအာရ်စနစ်ကို ပြီးခဲ့တဲ့ အမျိုးသားလွှတ်တော်ထဲမှာ လုံးလုံးကန့်ကွက်ခဲ့ပြီး သူတို့ပါတီက ပြည်သူ့လွှတ်တော်အမတ် ၂ ဦးကလည်း ကန့်ကွက်ကြောင်း တင်ပြဖို့ သွားရောက် တက်ရောက်နေတယ်လို့ ဦးဆိုင်ပေါင်းနပ်က ဆိုပါတယ်။

တိုင်းရင်းသားမျိုးနွယ်စု လွှတ်တော်အမတ်တွေဟာ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု မဲပေးစနစ် ကန့်ကွက်ကြောင်း စာတစောင်ကို စုပေါင်း လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့ ဇွန်လက ပြည်ထောင်စုလွှတ်တော်နာယကဆီကို ပေးပို့ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က ဇွန်လမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော်မှာ ပီအာစနစ်ကျင့်သုံးဖို့ အဆိုတင်ခဲ့ပြီး အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013