ဇူလိုင်လက အမေရိကန်ပြည်ထောင်စု၊ လတ်စ်ဗီးဂတ်စ်မှာ ရမ်းကားတဲ့ ပရိသတ်တဦးကို မိုက်ခရိုဖုန်းနဲ့ ပစ်ပေါက်ခဲ့တဲ့ ရက်ပ်အဆိုတော် ကာဒီဘီရဲ့ မိုက်ခရိုဖုန်းဟာ အခုအခါ eBay လေလံပွဲတခုမှာ ဒေါ်လာ ၁ သိန်းနီးပါးနဲ့ ရောင်းချခဲ့ပြီး အရင်ကထက် ပိုမိုတန်ဖိုးရှိလာခဲ့ပါတယ်။
မိုက်ကို အခင်းဖြစ်ပွားတဲ့နေ့မှာ Drai's Beachclub ကို အသံကိရိယာတွေ ပံ့ပိုးပေးတဲ့ လတ်စ်ဗီးဂတ်စ် အခြေစိုက် အသံထုတ်လုပ်ရေးကုမ္ပဏီ The Wave Inc ရဲ့ပိုင်ရှင် စကော့ဖစ်ရှာက ရောင်းချခဲ့တာဖြစ်ပါတယ်။
ဇူလိုင် ၂၉ ရက်က ဆဲလ်ဖုန်းနဲ့ ဗီဒီယိုရိုက်ကူးထားတဲ့ အဖြစ်အပျက်တခုမှာ ကာဒီဘီက လတ်စ်ဗီးဂတ်စ် ကမ်းခြေကလပ်က စင်မြင့်ပေါ်မှာ ဖျော်ဖြေနေချိန် ပရိသတ်တဦးက အရည်တွေနဲ့ပက်ခဲ့ပြီး လက်တုံ့ပြန်တဲ့အနေနဲ့ ရက်ပ်ပါက သူ့ရဲ့မိုက်နဲ့ ပရိသတ်ကို ပစ်ခဲ့ပြီး ပရိသတ်က ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ရဲကို တိုင်ကြားခဲ့ပေမဲ့ ကာဒီဘီကိုတော့ စွဲချက်မတင်ခဲ့ပါဘူး။
ဖစ်ရှာဟာ နောက်ဆုံးမှာ မိုက်ကို ပြန်လည်ရယူပြီး လေလံတင်ရောင်းချကာ ရရှိတဲ့ငွေတွေကို ပရဟိတလုပ်ငန်းနှစ်ခုဖြစ်တဲ့ Friendship Circle Las Vegas နဲ့ Wounded Warrior Project တို့ကို ပေးအပ်ခဲ့ပါတယ်။
eBay ပေါ်က မိုက်ရဲ့စာရင်းအရ ဒီမိုက်ခရိုဖုန်းဟာ အလုပ်လုပ်ဆဲဖြစ်ပြီး မိုက်ခရိုဖုန်းရဲ့ စစ်မှန်ကြောင်းကို အသိအမှတ်ပြုတဲ့ ဖစ်ရှာထံက စာတစောင်နဲ့အတူ ဝယ်ယူသူတွေကို မိုက်ခရိုဖုန်း ရောင်းချမှုနဲ့ပတ်သက်ပြီး စေတနာ့ဝန်ထမ်းပြုလုပ်တဲ့ ကုမ္ပဏီက စိတ်ကြိုက်ပြသမှုလည်း ပါဝင်မှာဖြစ်ပါတယ်။
လူ ၁၂၀ ကျော်က အဆိုပါပစ္စည်းအတွက် လေလံဆွဲခဲ့ကြပြီး ဖစ်ရှာက မိုက်ကို လေလံတချို့ရရှိဖို့ မျှော်လင့်ထားပေမဲ့ အမေရိကန်ဒေါ်လာ ၁ သိန်းနီးပါးနဲ့ ရောင်းရမယ်လို့ မထင်ခဲ့ဘူးလို့ ဆိုပါတယ်။
မိုက်ရဲ့အမှတ်တံဆိပ်နဲ့ မော်ဒယ်ဟာ ပုံမှန်အားဖြင့် ဒေါ်လာ ၁,၀၀၀ နီးပါးနဲ့ လက်လီရောင်းချတာဖြစ်ပြီး “ဒေါ်လာ ၅,၀၀၀ လောက်ရောက်မယ်လို့ ကျနော် မျှော်လင့်ထားပေမဲ့ တနိုင်ငံလုံးက အာရုံစိုက်မှု နည်းနည်းရလာမယ်လို့ ကျနော်ထင်တယ်။ ဒါပေမဲ့ သတင်းဖော်ပြမှု ပမာဏကတော့ တုန်လှုပ်စရာပါပဲ” လို့ ဖစ်ရှာက ပြောပါတယ်။
Source - CBS











