DVB Logo
Home
မြန်မာသတင်း
ကချင်ဒေသတွင် ကျောက်စိမ်းတူးမည့် လုပ်ငန်းရှင်များ လုံခြုံရေးစိုးရိမ်
DVB
·
July 24, 2014
ကချင်ဒေသတွင် ကျောက်စိမ်းတူးမည့် လုပ်ငန်းရှင်များ လုံခြုံရေးစိုးရိမ်
Donate to DVB

ကချင်ပြည်နယ်တွင်းက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို လာမယ့် စက်တင်ဘာလမှာ စတင်တူးဖော်ခွင့် ပြုလိုက်ပြီဖြစ်ပေမယ့် ကျောက်မျက်လုပ်ငန်းရှင်တွေက လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။

ကချင် ဒေသတွင်းတိုက်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေကြောင့် လွန်ခဲ့တဲ့ ၂ နှစ်က ရပ်နားခဲ့တဲ့ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို လာမယ့် စက်တင်ဘာ ၁ ရက်နေ့ကစပြီး ခွင့်ပြုလိုက်ပြီလို့ သတ္ထုတွင်း ၀န်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

[caption id="attachment_60883" align="alignright" width="300"]ကျောက်စိမ်း တူးဖော်နေသော လုပ်ငန်းခွင် (ဓာတ်ပုံ- ကျောက်ဖားကြယ်) ကျောက်စိမ်း တူးဖော်နေသော လုပ်ငန်းခွင် (ဓာတ်ပုံ- ကျောက်ဖားကြယ်)[/caption]ပြီးတော့ ဒေသခံတွေရဲ့ လူမှု ဘ၀အခြေအနေ တိုးတက်လာဖို့အတွက် အခုလို ပြန်လည် တူးဖော်ခွင့်ပြုလိုက်တာလို့လည်း ဖော်ပြထားပါတယ်။

ဒါပေမယ့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေကတော့ လုံလောက်တဲ့ အစိုးရနဲ့ ကချင်လက်နက်ကိုင်တွေအကြား ငြိမ်းချမ်းရေး ကတိက၀တ်တွေ မရှိဘဲ လုပ်ငန်းသွားလုပ်ဖို့ မလွယ်ဘူးလို့ ပြောပါတယ်။

ရတနာနဂါး ကျောက်မျက်ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးမြင့်ကြည်က “တူးဖော်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါပေမယ့် တခုရှိနေတာက ကျောက်မျက်ရတနာ လုပ်ငန်းရှင်တွေရဲ့ သဘောထားကော၊ ကျနော့်ဆီပေးပို့တဲ့ စာတွေအရတော့ လုံခြုံမှု တရားဥပဒေ စိုးမိုးမှုကို နည်းနည်းလေး စိုးရိမ်စိတ်ဖြစ်နေပါတယ်။ ငြိမ်းချမ်းရေးကလည်း တရားဝင် မရသေးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးက ဦးအောင်မင်းနဲ့ ကျောက်မျက်ကုမ္ပဏီ အာမခံချက်လေးလည်း ကျနော်တို့ လိုချင်ပါတယ်။ နိုင်ငံတော်က တာဝန်ယူမှု တာဝန်သိမှုလည်း ဖြစ်စေချင်ပါတယ်။ နောက်ပြီးတော့ အခုကတည်းကစပြီးတော့ သက်တမ်းတိုးခြင်း၊ ရှေ့တန်းစခန်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ကိုယ့်ရဲ့လုပ်ကွက်ကို တိုင်းတာခြင်းတွေ ဆောင်ရွက်နေပါပြီ။ အဲဒီအတွက် ဘာလိုအပ်လဲဆိုတော့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အဲဒါ လိုအပ်နေပါတယ်”လို့ ပြောပါတယ်။

အောင်စည်းစိမ် ကျောက်မျက်ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးအောင်ကြီးက “ကချင်ပြည်နယ်ထဲမှာနေတဲ့ တိုင်းရင်းသား လူမျိုးစုံပါ။ ဒီလူမျိုးတွေအတွက် ကေအိုင်အေ အဖွဲ့ကြီးက ကချင်ပြည်နယ်ကြီးအတွက် လုပ်နေတယ်လို့ ကျနော်သတ်မှတ်ပါတယ်။ ကေအိုင်အေ အဖွဲ့ကို အချို့သောသူတွေက ပုဂ္ဂိုလ်တွေက အမျိုးမျိုးဝေဖန်သုံးသပ်ကြပါတယ်။ စစ်ဘီလူးတို့ ကျနော်က အဲဒီလိုမသတ်မှတ်ပါဘူး။ လူမျိုးရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းလို့ သတ်မှတ်ပါတယ်။ လူမျိုးရေးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဆိုရင် ကချင်ပြည်နယ်ထဲမှာ လာလုပ်နေတဲ့ တိုင်းရင်းသားညီအစ်ကိုတွေအပေါ်မှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ကေအိုင်အေ အဖွဲ့အစည်းကလည်း ကြေညာပေးဖို့ လိုပါတယ်။ ကျနော်တို့ ကချင်ပြည်နယ်ကို လာရောက် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ကြပါ။ ကျောက်မျက်တွေ တူးဖော်ကြပါ။ ခင်ဗျား စိတ်အေးချမ်းသာခြင်း၊ ကိုယ်အေးချမ်းသာခြင်းနဲ့ လုပ်နိုင်ကြပါတယ်ဆိုတာမျိုး ကေအိုင်အေ အဖွဲ့အစည်းကလည်း ကြေညာပေးဖို့လိုပါတယ်။ နိုင်ငံတော် အကြီးအကဲတွေကလည်း ပြည့်ပြည့်စုံစုံ ကြေညာပေးစေချင်ပါတယ်။ တူးဖော်ခွင့် ပြုလိုက်သည်ဆိုတာလောက်နဲ့တော့ မလုံလောက်ဘူး ထင်ပါတယ်” လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကာလတလျှောက်လုံး ကေအိုင်အေက အဓမ္မဆက်ကြေးတောင်းတာမျိုး မကြုံဖူးဘူးပေမယ့် ကျောက်စိမ်းတူးဖော်ရာက ရရှိတဲ့ ကျောက်စိမ်းတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်း အစိုးရကို အခွန်ဆောင်ရတယ်လို့ ဦးအောင်ကြီးက ပြောပါတယ်။

တနိုင်ငံလုံးမှာ မှတ်ပုံတင်ထားတဲ့ ကျောက်မျက်တူေးဖ်ာရေးလုပ်ငန်းပေါင် ၅၀၀ ကျော်ရှိပြီး ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို လုံးခင်း၊ ဖားကန့်၊ မော်လူးနဲ့ မော်ဟန် စတဲ့နေရာတွေမှာ တူးဖော်လုပ်ကိုင်နေကြတာပါ။

ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်သိန်းကတော့ အခုလို ကျောက်မျက် တူးဖော်ခွင့်ပြုတာဟာ သတ္တုတွင်းဝန်ကြီးဌာနက ကြေညာထားတာ ဖြစ်ပြီး ပြည်နယ် အစိုးရကိုတော့ တစုံတရာ အကြောင်းကြားတာ မရှိဘူးလို့ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းကို ပြည်ထောင်စု အစိုးရက တိုက်ရိုက်ကိုင်တွယ်တဲ့ လုပ်ငန်းအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013