DVB Logo
Home
နိုင်ငံတကာ
၂၆ နှစ်ကျော် နန်းတော်မှ နှင်ထုတ်ခံခဲ့ရသည့် ထိုင်းဘုရင့်သားတော် ထိုင်းပြန်ရောက်
DVB
·
August 8, 2023
၂၆ နှစ်ကျော် နန်းတော်မှ နှင်ထုတ်ခံခဲ့ရသည့် ထိုင်းဘုရင့်သားတော် ထိုင်းပြန်ရောက်
Donate to DVB

လွန်ခဲ့တဲ့ ၂၆ နှစ် ကျော်က မိခင်ဖြစ်သူနဲ့အတူ နန်းတော်မှ နှင်ထုတ်ခံခဲ့ရတဲ့ ဒဿမမြောက် ထိုင်းဘုရင်ကြီး ဝဇီရာလောင်ကွန်းရဲ့ သားတော် ၁ ဦးဖြစ်သူ ထန့်အွန့် (ခ) ဝပ်ချရေးဆွန် ဝိဝပ်ချရဝုန်းဟာ ဩဂုတ် ၆ ရက်မှာ  အမိမြေထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပါတယ်။ 

သားတော်ဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့ကနေ ဘန်ကောက်သုဝဏဘုမိလေဆိပ်ကို တယောက်တည်း ရောက်ရှိလာပြီး ထိုင်းလူမျိုးတချို့က လေဆိပ်ကနေ ဝမ်းမြောက်စွာကြို ဆိုခဲ့ကြပါတယ်။ 

သားတော်ဟာ ဘန်ကောက်ကို ရောက်တာနဲ့ မြဘုရားကို အရင်ဆုံး သွားရောက်ဖူးမြော်ရှိခိုးပြီး တိုင်းပြည်ရဲ့ အဓိပတိတိုင်ကိုပါ ဦးခိုက်ပူဇော်ခဲ့ပါတယ်။ 

သူဟာ သာမန်ပြည်သူတစ်ယောက်လို သုံးဘီးကားစီး၊ လမ်းဘေးခေါက်ဆွဲဆိုင်မှာ ထိုင်စားနေ တဲ့ပုံတွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး ထိုင်းပြည်သူတွေ ဝမ်းသာအားရကြိုဆိုကြောင်း၊ အရှင့်သား ပြန်လာတာမြင်တော့ မျက်ရည်ဝဲတဲ့ထိ ဆို့နင့်ရကြောင်း ရေးသားဖော်ပြနေကြပါတယ်။ 

သားတော်ဟာ ခမည်းတော်ထံလည်း အခစားဝင်ရောက်ခဲ့တယ်လို့  လူမှုကွန်ရက်မှာ ရေးသားပေမဲ့ ထိုင်းနာမည်ကြီးသတင်းတွေမှာ ဖော်ပြတာမတွေ့ရသလို ဘုရင်ကြီးက ပြည်တော်ပြန် ခွင့်ပြုရတဲ့ အကြောင်းရင်းကိုလည်း မသိရပါဘူး။ 

ဘုရင်ကြီးဟာ အသက်အရွယ်ရလာပြီမို့ အရင်က ဒုတိယ ကြင်ရာတော်အပေါ် မျက်မှန်ရှခဲ့တာ၊ ရင်သွေးတွေကို စွန့်ပစ်ခဲ့တဲ့အပေါ် နောင်တရမိဟန်တူတယ်၊ ပထမကြင်ရာနဲ့ရတဲ့ သမီးတော်ကြီး မနှစ်ကတည်းက အားကစားလေ့ကျင့်ရင်း ကနေ့အထိ ပြန်ပြီးနေမကောင်းတာတွေအပေါ်လည်း မူတည်တယ်လို့ ထိုင်းပြည်သူတွေက ခန့်မှန်းနေပါတယ်။ 

ထိုင်းနိုင်ငံ ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ ထလုဖာ့အဖွဲ့ကတော့ သားတော် ပြန်လာတာ ဝမ်းမြောက်စွာ ကြိုဆိုကြောင်း၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် မျှော်လင့်ပါကြောင်း ရေးသားထားပါတယ်။ 

လက်ရှိ ထိုင်းဘုရင်ဝဇီရာလောင်ကွန်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျာ် အိမ်ရှေ့မင်းသားဘဝက ရုပ်ရှင်သရုပ်ဆောင်မင်းသမီး ဆုကြာရိဏီ ဝိဝပ်ချရဝုန်းကို မျက်စိကျပြီး ကြင်ရာတော်အဖြစ် မြှောက်စားခဲ့ပါတယ်။ 

အဆိုပါမင်းသမီးနဲ့ သားတော် ၄ ပါး သမီးတော် ၁ ပါးထွန်းကားခဲ့ပြီးကာမှ မင်းသမီးဟာ နန်းတွင်းထဲက စစ်ဗိုလ်တစ်ဦးနဲ့ ဖောက်ပြန်တယ်လို့ စွပ်စွဲပြီး ကြင်ရာတော် အဆောင်အယောင်တွေ ပြန်ရုပ်သိမ်းလိုက်ပါတယ်။ မင်းသမီးဟာ သားတော် သမီးတော်တွေနဲ့အတူ အမေရိကန်နိုင်ငံကို ထွက်ခွာပြီးနောက် ၁၉၉၇ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့မှာ အိမ်ရှေ့မင်းဝဇီရာလောင်ကွန်းက နန်းတွင်းအဆက်အနွယ်အမည် အသုံးပြုခွင့်၊  နန်းတွင်း ပြန်ဝင်ခွင့်ပိတ်လိုက်ပါတယ်။ အငယ်ဆုံး သမီးတော် ဆီရိဝမ်း ဝါရီနာရတ်တနကိုတော့ နန်းတော်မှာ ခေါ်ထားပါတယ်။ 

မင်းသမီးဆုကြရိဏီဟာ အမေရိကန်မှာ လက်ဝတ်ရတနာတွေ ထုခွဲရောင်းချပြီး သားတော် ၄ ဦးကို ဆရာဝန်တွေ၊ ဥပဒေပညာရှင်တွေ ပညာတတ်တွေဖြစ်တဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။

ထိုင်းကို အရင်ဆုံးပြန်လာတဲ့ အသက် ၄၂ နှစ်အရွယ် ထန့်အွန့် ကတော့ ဒုတိယမြောက်သားတော် ဖြစ်ပြီး Stetson University College of Law ကနေ ဥပဒေအထူးပြုဘာသာရပ်နဲ့ မဟာဝိဇ္ဇာဘွဲ့ရခဲ့ကာ လက်ရှိ Maney & Gordon , P.A Tampa ကုမ္ပဏီရဲ့ ဥပဒေအကြံပေးအရာရှိတစ်ဦးလည်း ဖြစ်ပါတယ်။ 

သူဟာ အမေရိကန်မှာ ကြီးပြင်းခဲ့ပေမဲ့ ထိုင်းစာနဲ့ ထိုင်းစကားကို မမေ့လျော့ဘဲ အမိမြေနဲ့ ထိုင်းပြည်သူ့အရေးတွေ စိတ်ဝင်စားပြီး အမေရိကန်ရောက် ထိုင်းလူမျိုးတွေကြား ထိုင်းရိုးရာဓလေ့ပွဲတော်တွေကို ဦးဆောင်ကျင်းပခဲ့ပါတယ်။ 

ဒါ့အပြင် ဆင်းရဲနွမ်းပါးပြီး ပညာထူးချွန်တဲ့ ထိုင်းကျောင်းသူကျောင်းသားတွေအတွက် Thai Heritage Scholarship Fund of New York ဆိုတဲ့ ပညာတော်သင်ဆု ဖောင်ဒေးရှင်းပါ တည်ထောင်ခဲ့ပါတယ်။ 

ဘုရင့်သားတော်  ထန့်အွန့်က “နန်းတော်ထဲမှာ အခြွေအရံတွေနဲ့ လိုလေသေးမရှိ နေခဲ့ရတဲ့ ဘဝကနေ ပြင်ပလောက ရောက်လာတော့ အစပိုင်းမှာ ခက်ခဲတယ်၊ အမေရိကန်ရောက်ကာစ ဆွေမျိုးမရှိ၊ ကူညီသူမရှိ၊ ဘာသာ စကားအခက်အခဲ၊ ငွေကြေးအခက်အခဲတွေရှိခဲ့တယ်၊ ပညာသင်ရဖို့ အကြွေးတင်ခဲ့ရတယ်၊ ကိုယ်တိုင် ဒုက္ခရောက်ခဲ့ရလို့ အခုချိန်မှာ ဒုက္ခရောက်သူတွေဟာ တပါးသူရဲ့အကူအညီ လိုအပ်တာကို ကိုယ်ချင်းစာနာခဲ့တယ်၊ ဒါကြောင့် ပညာရေးဖောင်ဒေးရှင်းကို ထူထောင်ခဲ့တယ်၊ တပါးသူအား ဝန်ဆောင်ပေးရတဲ့ လူတန်းစားဘဝကို နားလည်လာတယ်၊ အများအတွက် ဆောင်ရွက်ပေးရင်း ကိုယ့်ဘဝဟာ တိုးတက်လာတယ်” လို့ ထိုင်းပညာတော်သင် ဆုပေးပွဲ အခမ်းအနားတစ်ခုမှာ ပြောခဲ့ပါတယ်။ 

ထန့်အွန့် ပြန်လာပြီးတဲ့နောက် ကျန်တဲ့ အစ်ကိုတော်နဲ့ ညီတော်ရော၊ မယ်တော်ကြီးပါ ပြန်လာရလိမ့်မယ်လို့ ထိုင်းပြည်သူတွေက မျှော်လင့်သလို တချို့ကလည်း နိုင်ငံရေးရှုပ်ထွေးနေတဲ့ ကာလအတွင်း  ဒီမိုကရေစီအားပေးတဲ့ သားတော် ပြန်ရောက်လာတာ ထူးခြားမှုတစ်ခုခု ရှိလိမ့်မယ်လို့  မျှော်လင့်သုံးသပ်နေကြပါတယ်။ 

ကိုးကားများ -  thethaiger

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013