
ဇူလိုင် ၁ လတာအတွင်း ကရင်နီပြည်နယ်တဝန်း KNDF က ပါဝင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲပေါင်း ၃၃ ကြိမ်ရှိခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းအ မြောက်အများ သိမ်းဆည်းမိခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
ဩဂုတ် ၅ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ ထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ သုံ့ပန်း ၃ ဦး ဖမ်းဆီးခဲ့သလို လက်နက်ငယ် ၈ လက်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ဇူလိုင် ၁ လတာအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်လိုက်မှု ၄၂ ကြိမ်ပြုလုပ်ခဲ့ပြီး အဲဒီလေကြောင်း တိုက်ခိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ၈ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်နက်ကြီးကြောင့်လည်း ပြည်သူ ၁ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ကနေပြီး အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သား ၇ ဦး သေဆုံးခဲ့ရကြောင်းလည်း ထုတ်ပြန်ထားပါတယ်။
KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက “ဇူလိုင်လရဲ့ လအစလောက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးပြီးမှာ ယာဉ်တန်းတွေ ဝင်တဲ့အခေါက်တုန်းကလည်း ဒီဟိုးဝါရီကောခူလောက်ကနေ စပြီးတော့မှ သူတို့ ကားတွေနဲ့ ဝင်လာတာပေါ့နော်။ လွိုင်ကော်ဘက်ကို၊ ဝင်လာတဲ့အခါမှာ သူတို့ လမ်းမကြီးတလျှောက်လုံး တိုက်ပွဲမဖြစ်ဘဲနဲ့ သူတို့ သေနတ်တွေ ပစ်လာတာလေ။ တလမ်းလုံး၊ စက်သေနတ်တွေနဲ့ သူတို့ တောက်လျှောက်ဆွဲလာတဲ့အခါမှာ ဒီ နွားလဝိုးလောက်မှာ လမ်းဘေးမှာ သွားနေတဲ့ ဒေသခံ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးသွားတာရှိတယ်။ နှစ်ယောက်သုံးယောက်ရှိတယ်။ အဲဒါက စစ်ကောင်စီက စစ်ကြောင်းဝင်ထိုးရင်းနဲ့ သူဘာသူ ယမ်းသန်းပစ်ခတ်တာပေါ့နော်။ ကားပေါက်နေ တောက်လျှောက်ပစ်လာပေါ့နော်။ ပစ်ခတ်အခါမှာ လမ်းမှာသွားနေတဲ့သူ၊ ဈေးထိုင်ရောင်းနေတဲ့သူ ထိကုန်တာပေါ့နော်” လို့ ပြောပါတယ်။
ဒါ့အပြင် ဖယ်ခုံမြို့နယ်ဘကက်နေ လွိုင်ကော်မြို့နယ်ကို ဝင်လာတဲ့ စစ်ကောင်စီ ထောက်ပုံ စစ်ယာဉ်တန်းတွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကား ၃ စီး ပျက်စီးခဲ့သလို စစ်ကေင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
“ဇူလိုင်လထဲမှာတော့ တိုက်ပွဲက ကြီးကြီးမားမားကြီးမရှိခဲ့ဘူး။ ဒါပေမယ့် လွိုင်ကော်နဲ့ မိုးဗြဲလမ်းမကြီးတလျှောက်မှာတော့ ဒီဇူလိုင်လရဲ့ နောက်ဆုံးအပတ်မှာတော့ တိုက်ပွဲ နည်းနည်း ပြင်းပြင်းထန်ထန် ဖြစ်သွားတယ်ပေါ့နော်။ ကျန်တဲ့ ဒီးမော့ဆိုတို့ ဘာတို့ကတော့ တိုက်ပွဲ ကြီးကြီးမားမား မရှိဘူး။ ကြိုးကြား ဖြစ်လိုက်၊ မဖြစ်လိုက် အဲလို ပုံစံပဲရှိတယ်။ နောက် ဖားဆောင်းဘက်မှာတော့ တိုက်ပွဲတွေဖြစ်တယ်” လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
လွိုင်ကော်မြို့နယ် လွိုင်လင်လေးဘက်မှာတော့ ဇူလိုင်လအတွင်း စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦး ထိခိုက်ခဲ့ပြီး အနေအိမ်ဆောက်အဦနဲ့ ဘုန်းတော်ကြီးကျောင်းတွေပါ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ကရင်နီပြည် ဖားဆောင်းမြို့အနီး သံလွင်တံတားနာနဲ့ မယ်စဲမြို့နယ်ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတဲ့အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့တွေနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေပြီး နယ်ခြားစာင့်စခန်းမှာ ရဟတ်ယာဉ်နဲ့ တပ်ဖွဲ့ထားတဲ့ စစ်ကောင်စီတပ်ကိုလည်း ကရင်နီပူးပေါင်းတပ်ဘက်က အဆက်မပြတ်တိုက်ခိုက်နေကြောင်းလည်း ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁ လတာအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၃ လုံး၊ ဘာသာရေးအဆောက်အဦ ၂ လုံးအပါအဝင် ဆေးပေးခန်း ၁ ခန်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း KNDF ရဲဘော် ၂ ဦးအပါအဝင် မဟာမိတ်ရဲဘော်တွေလည်း ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှုနဲ့ တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ ၃၇၅ ဦးရှိပြီး စစ်ကောင်စီတပ်က ၂၂၃၀ သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃၁၀ ဦး သေဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က သြဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။










