
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ်မှာ သင်္ဘောလုံခြုံရေးယူတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဩဂုတ် ၅ ရက် မနေ့က အင်းဒရန့်ရွာကိုရောက်လာပြီး နေအိမ်တွေကို ထပ်မီးရှို့နေတယ်လို့ ကသာမြို့နယ် ပ.က.ဖ တာဝန်ခံတယောက်ဆီကနေ သိရပါတယ်။
ဇူလိုင် ၂၉ ရက်ကလည်း စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တာကြောင့် နေအိမ် အဆောက်အအုံ ၅၀ လောက် မီးလောင်ပျက်စီးခဲ့ရပြီး အဲဒီတပ်ဟာ ဧရာဝတီမြစ် အရှေ့ခြမ်း ကျောက်ထုံးကြီးကျေးရွာကနေ မနေ့ မနက်ပိုင်းမှာ ဆုတ်ခွာသွားပြီး အင်းဒရန့်ရွာကို ပြန်ရောက်လာခဲ့တာပါ။
ကသာမြို့နယ် ပ.က.ဖ တာဝန်ခံတယောက်က “ေ-ွးတွေတော့ဒီ ကျောက်ထုံးကြီး ဘက်ကနေဆုတ်သွားပြီး အင်ဒရန့်ရွာဘက်ကို ရောက်နေတယ်။ အဲမှာလည်း အခုပဲ ရွာကိုပြန်ပြီး မီးရှို့နေတယ်။ သူတို့ထွက်သွားတော့ ရွာမှာသတ်ဖြတ်ခဲ့တဲ့ ပြည်သူတယောက်ရဲ့ အလောင်းတွေ့ရတယ်။ ပုပ်ပွနေတော့ ဘယ်သူမှန်းမသိ ဖြစ်နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ စစ်ကြောင်းတွေ ရှိနေသေးတာကြောင့် မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး သတင်းမရရှိသေးဘူးလို့ ဆိုပါတယ်။
မန္တလေးမြို့ကနေ ဗန်းမော်မြို့ကို ဆန်တက်လာတဲ့ စစ်ကောင်စီ သင်္ဘောအုပ်စုဟာ ကသာမြို့ရပ်ကွက် ၁၀ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပြီး အဲဒီကတဆင့် အင်းတော်၊ ဗန်းမောက်၊ ပင်လယ်ဘူး ဒေသတွေအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကို ကားနဲ့ သယ်ယူနေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီသင်္ဘောအုပ်စု ကသာမြို့ထဲကိုဝင်လာတဲ့ ဩဂုတ် ၃ ရက်နေ့က ပိန်းတောကျွန်းဘက်ကို သင်္ဘောပေါ်ကနေလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပိန်းတောကျွန်းရွာမ က အသက် ၁၀ နှစ် မိန်းကလေးငယ်တယောက် လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပါသေးတယ်။











