
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းမှာ သြဂုတ် ၄ ရက်နေ့ နေ့လယ်ပိုင်းမှာ ပျူစောထီး ကင်းတဲတခုတိုက်ခိုက်ခံရပြီး တယောက်သေဆုံးခဲ့တယ်လို့ ပေါက်တောင်ပိုင်းပကဖ ကျီးကန်းအဖွဲ့ဆီကနေ သိရပါတယ်။
ပေါက်တောင်ပိုင်း ပကဖရဲ့ခေါင်းဆောင် ဗိုလ်ကျီးကန်းက ပေါက်မြို့နယ်တောင်ပိုင်း သစ်ချိုကုန်းရွာက ပျူစောထီးကင်းစခန်းမှာ ကင်းစောင့်နေတဲ့ သင်တန်းဆင်းပျူစောထီး ၅ ယောက်ကို သြဂုတ် ၄ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲလောက်မှာ စနိုက်ပါနဲ့ အရင်ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ ပျူစောထီးတယောက် နေရာမှာတင်ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ အတွင်းသတင်းပေးတွေဆီကနေ သိရတယ်လို့လည်း ဆိုပါတယ်။
တိုက်ခိုက်မှုအပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်ဆုတ်တဲ့အချိန်မှာ သစ်ချိုကုန်းရွာထဲက ပျူစောထီး ၂၀ ကျော်လောက်လိုက်လာပြီး သပြေအေးတောထဲက လူနေတဲတလုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြတယ်လို့ ပြောပါတယ်။
ပေါက်မြို့နယ်မှာ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူရှိနိုင်တယ်လို့ မြိုင်မြို့နယ်ပကဖ ဆီကနေ သိရပါတယ်။











