DVB Logo
Home
နိုင်ငံတကာ
တရုတ်သို့ လုံခြုံရေးဆိုင်ရာပစ္စည်းများ ပေးခဲ့သည့် ‌ရေတပ်သား ၂ ဦးကို အမေရိကန်ဖမ်းဆီး
DVB
·
August 4, 2023
Donate to DVB

တရုတ်နိုင်ငံကို အရေးကြီးတဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ပစ္စည်းတွေကို လွှဲပြောင်းပေးအပ်တဲ့ စွဲချက်တွေနဲ့ အမေရိကန်ရေတပ်က သင်္ဘောသား ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက သြဂုတ် ၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်ရေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိငယ် ဝမ်ဟန်ကျောက်နဲ့ ကျင်ချောင်ဝေ တို့ကို ကယ်လီဖိုးနီးယားပြည်နယ် အလယ်ပိုင်းနဲ့ တောင်ပိုင်းခရိုင်တွေမှာ သူတို့ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုထားတာဖြစ်ကြောင်း လက်ထောက်ရှေ့နေချုပ် မတ်ထ် အိုလ်ဆန်က ဆန်ဒီယေဂိုမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ရဲ့လုပ်ဆောင်ချက်တွေကြောင့် အကဲဆတ်တဲ့ ထိရှလွယ် စစ်ဘက်ဆိုင်ရာ အချက်အလက်တွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ လက်ထဲမှာ အဆုံးသတ်သွားကြောင်းလည်း အိုလ်ဆန်က ပြောပါတယ်။

အစိုးရရှေ့နေတွေဟာ အမေရိကန်ရေတပ် အရာရှိငယ် ဝမ်ဟန်ကျောက်ကို တရုတ်နိုင်ငံက ထောက်လှမ်းရေးအရာရှိဆီကို အမေရိကန် စစ်ရေးအချက်အလက်တွေကို စုစုပေါင်း ဒေါ်လာ တသောင်းခွဲလောက်ရှိတဲ့ ငွေပေးချေမှုနဲ့ အလဲအလှယ် လုပ်ခဲ့မှုကို ဖွင့်ချခဲ့ကြောင်း ကယ်လီဖိုးနီးယား အလယ်ပိုင်းခရိုင်အတွက် အမေရိကန်ရှေ့နေချုပ် မာတင် အက်စ်ထရာဒါ က ပြောပါတယ်။

အမေရိကန်ရေတပ်ရဲ့ စစ်ဆင်ရေးလုံခြုံရေးနဲ့ လှုပ်ရှားမှု၊ အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန် စစ်ရေးလေ့ကျင့်မှု အကြီးစားပြုလုပ်မယ့် စစ်ဆင်ရေးအစီအစဉ်၊ တည်နေရာနဲ့ အချိန်အတိအကျကို အသေးစိတ် ဖော်ပြထားတဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်ရေတပ်ရဲ့ လှုပ်ရှားသွားလာမှု၊ ရေကြောင်းစစ်ဆင်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေး၊ ဂျပန်နိုင်ငံ၊ အိုကီနာဝါရှိ အမေရိကန် စစ်အခြေစိုက်စခန်းရှိ ရေဒါစနစ်တွေအတွက် လျှပ်စစ်ဆားကစ် ဓာတ်ပုံတွေနဲ့ ပုံကြမ်းပုံတွေအပြင် တခြားစစ်ဆင်ရေးလုံခြုံရေးအကြောင်း အသေးစိတ်အချက်အလက်တွေနဲ့ တခြားအရေးကြီးကိစ္စရပ်တွေကို တရုတ်ထောက်လှမ်းရေး အရာရှိဆီ ပေးပို့ထားကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံသားဖြစ်လာတဲ့ အသက် ၂၂ နှစ်အရွယ် ရေတပ်သင်္ဘောသား ကျင်ချောင်းဝေ ကလည်း စာရွက်စာတမ်းတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ နည်းပညာလက်စွဲစာအုပ်တွေ အပါအဝင် နိုင်ငံ့ကာကွယ်ရေး အချက်အလက်တွေကို တရုတ်နိုင်ငံကို ပေးပို့ခဲ့တယ်လို့ ကယ်လီဖိုးနီးယား တောင်ပိုင်းခရိုင်အတွက် အမေရိကန်ရှေ့နေ ရန်ဒီ အက်စ် ဂရော့စ်မန်းန်က ပြောပါတယ်။

သူဟာ အမေရိကန်ရေတပ်သင်္ဘောတွေရဲ့ ကာကွယ်ရေးနဲ့ လက်နက်စွမ်းရည်ဆိုင်ရာ အချက်အလက်တွေ၊ သင်္ဘောတွေရဲ့ အားနည်းချက် ဖြစ်နိုင်ခြေတွေ၊ သင်္ဘောလှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူ့ရဲ့ တရုတ်အဆက်အသွယ်ဆီကို ပေးပို့ခဲ့ပါတယ်။

ကျင်ချောင်းဝေဟာ သေနတ်ယာဉ်တွေ၊ လေယာဉ်တွေ အပါအဝင် စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းဓာတ်ပုံတွေ၊ လာမယ့် နိုင်ငံတကာ ရေကြောင်းစစ်ရေး လေ့ကျင့်မှုမှာ ပါဝင်တဲ့ အမေရိကန် မရိမ်းတပ်သားတွေရဲ့ အချက်အလက်တွေကို ပေးပို့ခဲ့တဲ့အပြင် ကုန်းရေနှစ်သွယ် ချေမှုန်းရေးသင်္ဘောတွေရဲ့ စစ်ဆင်ရေးနဲ့ ပါဝါတည်ဆောက်ပုံဆိုင်ရာ နည်းပညာနဲ့ စက်ပိုင်းဆိုင်ရာ လက်စွဲစာအုပ် အမြောက်အမြားကိုလည်း ရောင်းချခဲ့သေးကြောင်း၊ တချို့လက်စွဲစာအုပ်တွေမှာ အမေရိကန်ရေတပ်မှ ကိုးကားဖော်ပြချက်တွေ၊ အရေးကြီးနည်းပညာတွေ ပါဝင်နေတယ်လို့လည်း ပြောပါတယ်။

အမျိုးသားလုံခြုံရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်အမျိုးမျိုးကြောင့် အမေရိကန်-တရုတ် ဆက်ဆံရေးဟာ နှစ်ပေါင်းများစွာ တင်းမာခဲ့တာပါ။

အမေရိကန်က တရုတ်နိုင်ငံကို သူလျှိုလုပ်မှုနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်ကြောင်း စွပ်စွဲထားပါတယ်။

ပေကျင်းကလည်း အဲဒီစွပ်စွဲချက်တွေကို ပယ်ချခဲ့ပြီး တရုတ်နိုင်ငံဟာ သူလျှိုတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့လည်း တရုတ်က ကြေညာထားပါတယ်။

အမေရိကန်-တရုတ် ဆက်ဆံရေးမှာ တခြားထိခိုက်စရာ ကိစ္စတွေကတော့ အမေရိကန် အဆင့်မြင့်နည်းပညာတွေကို တင်ပို့ခွင့်ပိတ်ပင်တာ၊ တရုတ်နိုင်ငံရဲ့ နိုင်ငံပိုင်လုပ်ငန်း မူဝါဒတွေ၊ လူ့အခွင့်အရေးကိစ္စတွေ၊ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ မူလအစတွေ၊ ကုန်သွယ်ခွန်နဲ့ ထိုင်ဝမ်အရေးတို့ ဖြစ်ကြပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013