DVB Logo
Home
မြန်မာသတင်း
အောင်မင်္ဂလာအဝေးပြေးဂိတ်တွင် ခရီးသည် ၁ ဦး အုပ်စုဖွဲ့ လုယက်ခံရ
DVB
·
August 4, 2023
Donate to DVB

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းမှာ ဩဂုတ် ၃ ရက် ညပိုင်းက တက္ကစီသမားနဲ့ ပွဲစားတွေက ခရီးသည်တယောက် ဆီကနေ ငွေကြေးနဲ့ လက်ကိုင်ဖုန်း လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ လုယက်ခံရတဲ့ ခရီးသည်က ပြောပါတယ်။

မနေ့ည ၉ နာရီခွဲလောက်က စစ်ကိုင်း-ရန်ကုန် အဝေးပြေးကားပေါ်က ဆင်းလာတဲ့ အသက် ၂၀ ကျော်အရွယ် ခရီးသည် အမျိုးသားဟာ သာကေတမြို့နယ်ကို ကျပ်ငွေ ၁၅,၀၀၀ ပေးပြီး တက္ကစီငှားရမ်းခဲ့တာ ဖြစ်ပါတယ်။

ကားနံပါတ် AA-xxxx တိုယိုတာပက်ဆို အမျိုးအစား တက္ကစီယာဉ်မောင်းဖြစ်သူဟာ လိုက်ပို့ဖို့ သဘောတူခဲ့ပြီး အဝေးပြေးကွင်းထဲက ‌လမ်းမီးတိုင်မရှိ၊ လူရှင်းတဲ့နေရာအရောက်မှာ ကျပ် ၅၀,၀၀၀ ပေးမှ လိုက်ပို့နိုင်မယ်ဆိုပြီး စတင်ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ခရီးသည်က မစီးနင်းနိုင်တော့တဲ့အတွက် ကားပေါ်ကဆင်းမယ်လို့ ဆိုတဲ့အချိန်မှာ တက္ကစီယာဉ်မောင်းက ကားကိုမောင်းထွက်ခဲ့ပြီး လုယက်သူ ၄ ဦးရှိတဲ့နေရာအရောက်မှာ ကားတံခါးကို အတင်းပိတ်ထားတဲ့အပြင် ခရီးသည်ရဲ့ ပိုက်ဆံအိတ်ကို ဆွဲလုယူသွားကာ ဆမ်ဆောင်းအမျိုးအစား စမတ်ဖုန်းကိုပါ ပေးဖို့ ‌အတင်းအကျပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လုယက်ခံသူ ခရီးသည်အမျိုးသားက “ကြာချိန်က မိနစ် ၃၀ ပတ်လည်လောက် ကြာမယ်ထင်တယ်။ ပိုက်ဆံက ၁ သိန်းခွဲကျော်လောက် ပါသွားတာ။ ဖုန်းကတော့ မပေးခဲ့ဘူး။ သင်တန်းကြေး ပေးဖို့နဲ့ အဆောင်ကြေးအတွက်ပါ။ ဖြစ်တဲ့နေရာက ကားဂိတ်ဝနဲ့ မဝေးဘူး။ အမှောင်ထဲ မောင်းသွားတာ။ အဲ့ဒီအနားမှာ ကားရပ်ပြီး စောင့်နေတာနဲ့ဆိုရင် အနည်းဆုံး ၄ ယောက်ပတ်လည်ရှိတယ်” လို့ ပြောပါတယ်။

ခရီးသည်ဟာ စစ်ကိုင်းကနေ ရန်ကုန်ကို ဂျပန်စာသင်တန်း လာတက်တာကို သိတဲ့အတွက် အနီးအနားက စစ်ထောက်လှမ်းရေးတပ်မှာ စစ်ကိုင်းမှတ်ပုံတင် ၅/ နဲ့လူတွေကို အပ်နှံရင် ပိုက်ဆံ ၆၀၀,၀၀၀ ရတယ်လို့ ခြိမ်းခြောက်ပြောဆိုကာ အဝေးပြေးကွင်းအပြင်ကို မောင်းထွက်လာချိန် ခရီးသည်က ကားတံခါးဖွင့်ပြီး လမ်းပေါ်ခုန်ချ လွတ်မြောက်ခဲ့တာလို့ သိရပါတယ်။

ကွင်းအပြင်မှာရှိနေတဲ့ တက္ကစီယာဉ်မောင်း ၂ ဦးရဲ့ ဖျန်ဖြေပေးမှုနဲ့ အခမဲ့ လိုက်ပို့‌ပေးတာကြောင့် ခရီးသည်အမျိုးသား အန္တရာယ်ကင်းခဲ့ရတယ်လို့ သိရပြီး ကျပ်ငွေ ၁ သိန်းခွဲ လုယက်ခံခဲ့ရတဲ့အပြင် ပွန်းပဲ့ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

လုယက်ခံရသူဟာ လူမှုကွန်ရက်ပေါ် ဖြစ်စဉ်တင်ခဲ့တဲ့အတွက် တိုယိုတာပက်ဆို ကားပိုင်ရှင်ဟာ ခရီးသည်နဲ့ ဆက်သွယ်လာခဲ့ပြီး အဆိုပါကားဟာ အိမ်အထိ အငှားချပေးထားတဲ့ကားဖြစ်ကာ အငှားချပေးသူက တခြားသူကို ထပ်ဆင့် ကားပေးမောင်းခဲ့တာလို့ သိရပါတယ်။

စုံစမ်းတွေ့ရှိမှုအရ လုယက်ခဲ့သူဟာ မြောက်ဥက္ကလာပမြို့နယ်နေ “ပိန်သေး” ဆိုသူလို့ သိရပြီး လုယက်သူ အပေါင်းအပါတွေက အဝေးပြေးကားကွင်းထဲမှာ တက္ကစီမောင်း၊ လူခေါ်ပေးရသူနဲ့ ပွဲစားလုပ်ကိုင်သူတွေလို့ သိရပါတယ်။

ကားပိုင်ရှင်အမျိုးသားက “ဒီက စာချုပ်နဲ့ငှားထားတဲ့ ကားသမားက တာဝန်ရှိပါတယ်။ ကားသမားက ပြောတာတော့ အဲ့ဒီလုယက်သူတွေက ပွဲစားတွေ၊ ကားယူမောင်းသွားတဲ့သူရဲ့ အိမ်အထိ လိုက်သွားကြတယ်။ အဝေးပြေးထဲမှာတော့ ပိန်သေးလို့ ခေါ်ကြတယ် ပြောတယ်။ ကျူးလွန်ခံလိုက်ရတဲ့ သူကိုတော့ ကားသမားတွေပါ ခေါ်ပြီး ပြန်တောင်းပန်ဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လက အဝေးပြေးကွင်းမှာပဲ တက္ကစီငှားစီးရာကနေ တက္ကစီမောင်းသူက အသက် ၄၀ ကျော်အရွယ် ခရီးသည်အမျိုးသမီးကြီးတဦးရဲ့ ရွှေဆွဲကြိုး အပါအဝင် လက်ကိုင်ဖုန်း၊ ပိုက်ဆံတွေ လုယက်ခံခဲ့ရကာ ဇေကမ္ဘာဝ◌င်း၊ လူပြတ်တဲ့နေရာမှာ စွန့်ပစ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း အောင်မင်္ဂလာအဝေးပြေးကနေ ရန်ကုန်လေဆိပ်ကို တက္ကစီငှားစီးတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတဦးရဲ့ ပိုက်ဆံအိတ်နဲ့ လက်ကိုင်ဖုန်း ၁ လုံးကို တက္ကစီမောင်းသူတွေက အုပ်စုဖွဲ့ လုယက်မှု ကျူးလွန်ခဲ့ပါသေးတယ်။

အောင်မင်္ဂလာအဝေးပြေးကွင်းမှာ ခရီးသည်တွေဆီကနေ အုပ်စုဖွဲ့လုယက်မှုတွေ ကျူးလွန်နေပေမဲ့ လုယက်သူတွေကို အဝေးပြေးလုံခြုံရေးရဲတပ်ဖွဲ့နဲ့ စစ်ကောင်စီဘက်က ဥပဒေအရ အရေးယူတာမျိုး မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013