အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရဲ့ ဘစ်ရှ်နပ်ပါဒေသမှာ သြဂုတ် ၃ ရက်က မေတီလူမျိုးစုဝင် အမျိုးသမီးတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိဖြစ်ပွားနေဆဲ လူမျိုးစုတိုက်ပွဲတွေမှာ သေဆုံးခဲ့ရသူတွေအတွက် ကူကီးလူမျိုးစုရဲ့ တစုတစည်းကျင်းပမယ့် ဈာပနနေရာကို ဒေသခံတွေက ဝင်ရောက်နိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။
ဒါကြောင့် လူစုခွဲနိုင်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံး အသုံးပြုခဲ့ရပြီး အနည်းဆုံး လူ ၁၇ ဦးအထိ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ အစောပိုင်းတုန်းကလည်း သင်္ဂြိုဟ်မြှုပ်နှံမှုကို နောက်ထပ် ၇ ရက်အထိ ရွှေ့ဆိုင်းရမယ်ဆိုပြီး ပြည်နယ်တရားရုံးတခုက အမိန့်ချမှတ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်နောက်ပိုင်း မဏိပူရပြည်နယ်ရဲ့ အစိတ်အပိုင်းတွေမှာ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့် ဖြေလျှော့ပေးမှုကို ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ မေလကစလို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒီပြည်နယ်မှာ မေတီ အသိုင်းအဝိုင်းနဲ့ ကူကီးမျိုးနွယ်အကြား ပြင်းထန်တဲ့ လူမျိုးရေးပဋိပက္ခ ဖြစ်ပွားမှုကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၁၈၀ ကျော် သေဆုံးခဲ့ရပါတယ်။
Source - Reuters











