
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြခွာညိုဦးရဲ့ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ မြို့ခံတွေနဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
ဩဂုတ် ၃ ရက် မနက်ပိုင်းမှာ ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ ကင်ပွန်းခြုံလမ်း မြို့နယ်ရဲစခန်းရှေ့က ဒေါ်မြခွာညိုဦး အိမ်ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့တာလို့ မိသားစုဝင်တဦးက ပြောပါတယ်။
“အာဏာသိမ်းပြီး အစရက်တွေမှာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းကနေ ရွှေတောင်ကို ခဏပြန်တယ်။ အိမ်မှာတော့ နေမရဘူး။ မြို့မှာပဲ တလခွဲလောက် နေသေးတယ်။ မြို့မှာ နေမရတဲ့အဆုံး လွတ်မြောက်နယ်မြေကို တိမ်းရှောင်ခဲ့ရတယ်။”
၂၀၂၁ ခုနှစ် ဧပြီလထဲမှာ မိသားစုဝင်အားလုံး လွတ်မြောက်နယ်မြေကို တိမ်းရှောင်ခဲ့တာဖြစ်ပြီး မိသားစုဝင်တွေကလည်း CDM တွေဖြစ်လို့ အခုလို အိမ်ချိပ်ပိတ်တာဟာ စစ်ကောင်စီ အာဏာသိမ်းယူထားတဲ့ကာလ ဖြစ်တဲ့အတွက် မိသားစုဝင်တွေအနေနဲ့ ထူးခြားမှုတော့ မရှိဘူးလို့ သိရပါတယ်။
၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ဒေါ်မြခွာညိုဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။











