
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ်းမကားကျေးရွာအနီးက ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က မနေ့ ဩဂုတ် ၂ ရက်မှာ ဖယ်ရှားပေးဖို့ ပြောတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီက အခုလိုပြုလုပ်တာ တော်လှန်ရေးအဖွဲ့တွေ စခန်းကို လာရောက်တိုက်ခိုက်တဲ့အခါ ကျည်ကွယ်၊ မျက်ကွယ် ရှင်းလင်းတာ ဖြစ်နိုင်တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။
ရှိမ်းမကားအနီး ပြည်သူကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဝက်လက် အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ကျားကြီးက “စစ်ကောင်စီဘက်က မနေ့ ဩဂုတ်လ ၂ ရက်နေ့က ခိုင်းတာလို့ သတင်းပို့ထားတာ ရှိတယ်။ ဘယ်နှစ်ပေပတ်လည် ရွှေ့ရမယ်ဆိုတဲ့ အချက်ကတော့ အတိအကျမရှိဘူး။ သူတို့ဖယ်ရှားခိုင်းချင်သလောက် ဖယ်ရှားခိုင်းတာ။ အဲလို စစ်ကောင်စီက ဒေသခံတွေ ပြုလုပ်တာဆိုတော့ ဒေသခံအများစု အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တာပေါ့ဗျာ။ သူတို့ ပြည်သူတွေ အခုလို ဒုက္ခရောက်အောင် လုပ်နေတာက အခုအကြိမ်နဲ့ဆိုရင် ၄ ကြိမ်ရှိနေပြီဗျ။ ပထမ ဈေးကိုမီးရှို့တယ်။ နောက် ၃ ကြိမ်ကတော့ ရွာသားတွေရဲ့ ပရိဘောဂပစ္စည်းတွေ၊ စားစရာတွေကို ပျူရွာတွေဆီ သယ်ပြီး ပို့ပေးတာတွေ လုပ်တယ်။ ကျနော်တို့အမြင်ကတော့ ဒေသခံတွေအပေါ် အခုလို အနိုင်ကျင့် လုယက်တာမျိုး မလုပ်သင့်ပါဘူး။ သတ္တိရှိရင် ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်ပြုလုပ်စေချင်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရှိမ်းမကားရဲစခန်းဟာ မြို့လယ်ကောင်မှာရှိတာကြောင့် ပြည်သူတွေ နေအိမ်ဖယ်ရှားရမယ်ဆိုရင် ဒေသခံပြည်သူထောင်ချီ နေထိုင်စရာမရှိ ဒုက္ခရောက်နိုင်တယ်လို့ ဗိုလ်ကျားကြီးက ဆက်ပြောပါတယ်။
ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေက ဝက်လက်မြို့နဲ့ ရှိမ်းမကားရွာတွေသာ စိုးမိုးထားနိုင်ပြီး သူတို့စိုးမိုးရာနယ်မြေက ပြည်သူတွေကို ပျူသင်တန်း အတင်းအကျပ် တက်ခိုင်းတာတွေနဲ့ အခုလို နေအိမ်တွေကနေ ဖယ်ရှားခိုင်းနေတာကြောင့် ဒေသခံတွေ စစ်ကောင်စီတပ်နဲ့ဝေးရာ ကျေးရွာတွေဆီ ရွှေ့ပြောင်းနေထိုင်တာတွေလည်း တနေ့တခြား များပြားလာတယ်လို့ ဒေသခံထံက သိရပါတယ်။
ဓာတ်ပုံ - ရှိမ်းမကားဈေး မီးရှို့ခံခဲ့ရသည့်ပုံဟောင်း











